မံစီမြို့ကို အပြီးသတ်သိမ်းယူနိုင်ဖို့ ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ပူးပေါင်းတော်လှန်ရေးတပ်တွေ ကြိုးစားတိုက်ပွဲဝင်လျက်ရှိရာ ဒီဇင်ဘာ ၂၆ ရက်နေ့မှာရရှိတဲ့သတင်းတွေအရ မံစီကိုမသိမ်းနိုင်သေးပေမယ့် အရေးကြီးတဲ့ ဘန်ကာစခန်းတွေကို သိမ်းယူထားပြီးပြီလို့ သိရပါတယ်။တိုက်ပွဲတွေလည်း ပြင်းထန်နေကြဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ခမရ-၃၁၉၊ ၆၀၁၊ ၃၅၂ အမတ တို့ကို တော်လှန်ရေးတပ်တွေ အောင်မြင်ဖို့ ပြည်သူတွေ စိတ်စောနေကြပေမယ့် ဆက်လက်ထိုးစစ်ဆင်နေကြဆဲ ဖြစ်တဲ့အကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ KIA နှင့်ပူးပေါင်းတပ်တွေက ဗန်းမော်မြို့နှင့် မံစီဒေသတခုလုံး သိမ်းပိုက်နိုင်ရေး ဒီဇင်ဘာ ၄ရက်ကစတင်ထိုစစ်ဆင်နေတာ ဖြစ်ပြီး စစ်ကောင်စီတပ်စွဲရာနေရာအများအပြားကိုတော့ သိမ်းထားပြီးပါပြီ။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားပြီး ထွက်ပြေးသူလည်းများကြောင်း၊ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး အောင်ငြိမ်းချမ်းကို အသဖမ်းမိထားပြီလို့ သတင်းများလည်း ထွက်ပေါ်နေပေမယ့် KIA ဘက်ကတော့ အတည်ပြုခြင်းမရှိသေးပါဘူး။
ကချင်စစ်သတင်းရင်းမြစ်တခုမှာတော့ “မံစီမှာ တပ်စခန်း အကုန်မရသေးဘူး။ ခမရ ၃၁၉ တပ်ရင်းမှူး သေသလားရှင်သလားမသိဘူး။ သူတို့အထက်အရာရှိတွေနဲ့အဆက််အသွယ်ပြတ်တောက်နေတယ်လို့ကြားတယ်။ ဗျူဟာမှူးလည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရတယ်” လို့ ဆိုပါတယ်။ မံစီကိုထိုးစစ်ဆင်နေသလို တဖက်မှာလည်း ဗန်းမော်မြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ဗန်းမော်နည်းပညာတက္ကသိုလ် အပါအဝင် တပ်စခန်းများကို ဆက်တိုက်သိမ်းပိုက်နေကြောင်း၊ ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ကိုလည်း ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း ၊ စစ်တပ်ဘက်မှ သေဆုံးမှု များပြားသကဲ့သို့ တော်လှန်ရေးတပ်များဘက်တွင်လည်း ထိခိုက်ဆုံးရှုံးမှုများ ရှိနေကြောင်း KIA သတင်းရင်းမြစ်အရ သိရပါတယ်။
ဒီချိန်မှာပဲ စကခ ၂၁ မှ ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်တို့ဟာ ရခိုင်စစ်မျက်နှာမှာ အရာရှိကြီးများဖမ်းခံထိသလို ဖမ်းခံရမှာစိုးလို့ ပုန်းအောင်းနေရာရွှေ့ ခုခံစစ်ကို ကွပ်ကဲနေတယ်လို့ သတင်းများက ဆိုပါတယ်။ နေပြည်တော်စစ်ရုံးကလည်း စခန်းကိုမစွန့်ဖို့နဲ့ စခန်းစွန့်ရရင်လည်း မည်သည့်နည်းနဲ့မျှ အဖမ်းမခံဘဲ ဆုတ်ပြေးလမ်းသေချာရှာထားဖို့ ညွှန်ကြားနေတယ်လို့ သိရပါတယ်။
ရခိုင်မှာ စစ်တိုင်းကြီးကျသွားခဲ့ပြီဖြစ်သလို ကချင်များကလည်း ဗန်းမော်နှင့် မံစီကို ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက စလို့ တလနီးပါးထိ ပြင်းထန်စွာ စစ်ထိုးလို့နေပါတယ်။ နောက်ဆုံးရရှိတဲ့ ကချင်စစ်သတင်းကတော့ မံစီမြို့အပြင်ဘက်မှာ တစ်ဆက်တည်းရှိနေတဲ့ ခမရ-၆၀၁၊ ခရမ-၃၁၉ နဲ့ အမှတ်-၅၂၃ အမြောက်တပ်ရင်းတို့ကို KIA ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး နေရာအများစုကိုလည်း ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။ ကချင်စစ်ရေးသတင်းတွေနဲ့ပက်သက်လို့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ သိမ်းပိုက်မှုအခြေအနေကို မပြောသေးဘဲ တိုက်ပွဲပြင်းထန်လျက်ရှိဆဲကိုသာ အတည်ပြုထားပါသည်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ