ဒီဇင်ဘာ ၁၂ ရက်နေ့ထိ ဗန်းမော်မြို့ပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ KIA ဟာ မြို့ပေါ်နေရာအများစုကိုထိန်းချုပ်ဖို့ကြိုးစားနေရင်း စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့လက်နက်ကြီးတွေပစ်ခတ်တာကြောင့် မြို့ပေါ်ကိုကျရောက်ပေါက်ကွဲပြီး မြို့နေအိမ်တချို့ မီးလောင်နေခဲ့ပါတယ်။KIA တပ်တွေဟာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးအချို့ကို ထိန်းချုပ်ထားလိုက်ပြီး စစ်ကောင်စီရဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ တပ်ရင်းများကို ဆက်လက်တိုက်နေတာဖြစ်ပါတယ်။ ပြန့်ကြဲသွားတဲ့စစ်ကောင်စီတပ်တွေဟာ စကစခ (၂၁) နဲ့ ခလရ (၄၇) မှာ စုနေရပြီလည်းဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်မှုကြောင့်ဒေသခံ ထောင်ချီထွက်ပြေးနေရသလို မြို့ပေါ်မှာလည်း စစ်ရှောင်ပြည်သူတွေရဲ့ အိမ်ကိုစောင့်ကြည့်ပြီး ဖောက်ထွင်းခိုးယူမှုတွေ ဖြစ်ပေါ်နေကြောင်း သတင်းများကဆိုပါတယ်။ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက စခဲ့တဲ့ ဗန်းမော်တိုက်ပွဲဟာ ခုဆိုရင် တပတ်ကျော်ကြာမြင့်လာပြီး တိုက်ပွဲတွေမမြင်ချင်တဲ့ တရုတ်ကတော့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ကို တရုတ်နိုင်ငံကူမင်းမြို့ကိုခေါ်ဆောင်ကာ မနေ့ကစတင်ဆွေးနွေးနေကြပြီဖြစ်ပါတယ်။ တရုတ်ဘက်က ဖိတ်ခေါ်တဲ့တွေ့ဆုံပွဲမှာ ခါတိုင်းတွေ့ဆုံနေကျ အာရှရေးရာအထူးကိုယ်စားလှယ် တိန်းရှီးကျွင်းထက် အဆင့်မြင့်သူဖြစ်ပြီး သူကတော့ တရုတ်အစိုးရရဲ့ CPPCC ဗဟိုကော်မတီဝင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Wu Ken ဖြစ်ကြောင်း သိရပါတယ်။ သွားရောက်တွေ့ဆုံတဲ့ KIO/KIA အဖွဲ့မှာပါဝင်သူတွေကတော့ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ KIO အထွေထွေအတွင်းရေးမှူး ဦးကွမ်ထပ်ထိန်နန်၊ KIC ဒု– ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်၊ KIO အုပ်ချုပ်ရေး DGA တာဝန်ခံ ဗိုလ်လဖိုင်ဇော်ယော်၊ ဗိုလ်ချုပ် လဖိုင်ခွန်နောင်တို့ ဖြစ်ကြပါတယ်။
ဧရာဝတီအရှေ့ခြမ်းမှာ ကေအိုင်အေသိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့နှစ်မြို့ရှိပြီး ဗန်းမော်ဟာအရေးပါလှပါတယ်။ ဗန်းမော်မြို့မှာ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရုံးစိုက်ထားပါတယ်။ လေယာဉ်ကွင်းနဲ့ သင်္ဘောဆိပ်တွေလည်း ရှိတာကြောင့် စစ်ကောင်စီအတွက်ဆိုရင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပြီးရင် ဒုတိယအရေးကြီးဆုံးမြို့ ဖြစ်ပါတယ်။ဗန်းမော်ရဲ့ အရှေ့နဲ့မြောက်ဘက်ခြမ်းက ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ တရုတ်မြန်မာနယ်စပ်ဂိတ် လွယ်ဂျယ်မြို့နယ်ခွဲနဲ့ မိုးမောက်မြို့နယ်တွေကိုတော့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီးပါပြီ။ အနောက်နဲ့တောင်ဘက်ခြမ်းမှာဆိုရင်လည်း စစ်ကိုင်းတိုင်းနဲ့ ထိစပ်နေတဲ့ ရွှေကူမြို့လှမြို့နယ်ခွဲကို သိမ်းပိုက်ထားတာ ဖြစ်တဲ့အတွက် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေ ကျယ်ပြန့်နေတာ ဖြစ်ပါတယ်။မိုးမောက် ခမရ (၄၃၇) ကို ဒုတိယအကြိမ် ထိုးစစ်ဆင်ခဲ့တဲ့ အချိန်ကတည်းက ဗန်းမော်ကိုသိမ်းယူဖို့ ကေအိုင်အေတပ်တွေက ကြိုတင်ပြင်ဆင်ခဲ့ကြပါတယ်။ မိုးမောက်မြို့စောင့်တပ်သိမ်းဖို့ ထိုးစစ်ဆင်နွှဲနေချိန်မှာ ဗန်းမော်မြို့ရဲ့ ဝင်ပေါက်ထွက်ပေါက် ဆက်သွယ်ရေးလမ်းကြောတွေအားလုံးကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ကာ ဗန်းမော်ရဲ့ မြေပြင်လမ်းကြောတွေကို ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ စနစ်တကျ ပြင်ဆင်ခဲ့တာလို့နားလည်ရပါတယ်။ နောက်ဆုံးရရှိထားတဲ့ ကချင်ရင်းမြစ်သတင်းတွေအရ ကေအိုင်အေတပ်များသည် ဗန်းမော်တက္ကသိုလ်ကနေ ရှေ့ဆက်တိုးနိုင်ခဲ့ကြောင်း၊ ၅ မိုင်မှရှေ့ဆက်တိုးနယ်မြေရှင်းလင်းနေပြီး အောင်မြေချဲ့နေတယ်လို့ ဆိုထားပါတယ်။ စစ်သုံ့ပန်းနှင့်အတူ လက်နက်များသိမ်းဆည်းရရှိမှုတွေလည်း သိထားရပြီး ဗန်းမော်မြို့အောင်ပွဲသတင်း အတည်ပြုမှုတွေကို ပြည်သူတွေက စောင့်မျှော်နေကြချိန်လည်း ဖြစ်သည်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ