တပ်မြို့ ပြင်ဦးလွင်အတွက် မဟာဗျူဟာအရအရေးပါတဲ့ နောင်ချိုမြို့နယ် တောင်ခမ်းဒေသရှိ အမြေက်တပ်စခန်း ၃ခုနဲ့ ပြင်ဦးလွင်နောင်ချိုကြားက ဂန့်ကော်ရွာမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်က ၁၅ဦးသေဆုံးတာအပြင် သုံ့ပန်း ၂၀နီးပါးနဲ့ လက်နက်တွေရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။TNLAဟာ တရုတ်ရဲ့ ကြားဝင်မှုကြောင့် စစ်ရေးပဋိပက္ခတွေ အဆုံးသတ်နိုင်ရေးတွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ နိုဝင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ပြောထားပေမယ့် စစ်ကောင်စီဘက်က တုံ့ပြန်မှုတစုံတရာမရှိသေးသလို နောင်ချိုမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာဖြစ်ပါတယ်။ဒီဇင်ဘာ ၈ရက်နဲ့ မနေ့က ဒီဇင်ဘာ ၉ရက်နေ့တွေမှာ ပြင်ဦးလွင်အနီးက ဂန့်ကော်ကျေးရွာအပြင် တောင်ခမ်းဒေသက အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နဲ့ အမြောက်တပ် ၄၀၆ တပ်စခန်းအနီး တိုက်ပွဲတွေ ပြင်းထန်နေသလို တောင်ခမ်းတပ်စခန်းအနီး ကျောက်ဂူ-ကျောက်ဆုံမှာလည်း တအာင်းတပ်မတော် TNLA ၊ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော် DPLA ပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်သားအလောင်း ၁၅ လောင်း၊ စစ်သုံ့ပန်း ၁၇ ဦးနဲ့ လက်နက်ခဲမျိုးစုံ ၂၈ လက်၊ ခဲယမ်းများစွာ ဖမ်းဆီးသိမ်းဆည်းရရှိခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။တောင်ခမ်းအမြောက်တပ် ၃၅၄ စခန်းမှာလည်းတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီလက် အောက်ခံ တပ်သား ၂ ဦးကို လက်နက်ခဲယမ်းနဲ့အတူ အရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။တောင်ခမ်းကိုစစ်ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုအပြင် ရှမ်းတောင် ရပ်စောက်အမြောက်တပ် ၃ခုမှာ တိုက်ပွဲတွေဖြစ်ပွားပြီး ၁၀ရက်အတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် -DPLA ကလည်း ထုတ်ပြန်အသိပေးထားပါတယ်။ရပ်စောက်မြို့ ကျောက်ဂူဒေသအခြေစိုက် အမှတ် ၃၄၉ အမြောက်တပ်၊ ကျောက်ဂူအမြောက်တပ် – အမတ ၃၄၉ ၊ နောင်ဝိုးတပ် – ခလရ ၂၉၂ နဲ့ နောင်ချိုမြို့နယ် တောင်ခမ်းဘက်ကို ရပ်စောက်ဘက်မှ စစ်ကူသွားဖို့ တက်လာတဲ့ စစ်တပ် စစ်ကြောင်းတို့ကို DPLA က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်အထိ နှစ်ဖက်တပ်တွေ ရင်ဆိုင်ထားဆဲဖြစ်ပြီး ဆက်လက် တိုက်ပွဲပြင်းထန်လာနိုင် တာကြောင့် တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဒေသရှိ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ ဝေးဝေး နေထိုင်ကြဖို့ဘေးကင်းလုံခြုံရာမှာ စစ်ဘေးရှောင်ကြဖို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် -DPLA က မေတ္တာ ရပ်ခံထားပါတယ်။မနေ့က ဒီဇင်ဘာ ၉ရက်မှာ ဂန့်ကော်ရွာနဲ့ ၄မိုင်ခန့်အကွာက နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ရွာကို စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃)ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။နောင်ချိုမြို့နယ်အပါအဝင် မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ်တို့မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကလည်း ဒီဇင်ဘာ ၄ရက်မှာ ထုတ်ပြန်အသိပေးထားတာကြောင့် နောင်ချိုတိုက်ပွဲတွေအတွင်း MDY PDF လဲ ပူးပေါင်းပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ လလယ်မှာ တောင်ခမ်းမစခ (၉၀၂) နဲ့ အမတ (၃၅၄) တိုက်ပွဲအတွင်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၁) ရဲ့ လက်အောက်ခံတပ် ခြေမြန်တပ်ရင်း ခမရ (၂၁၃) မှ တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်ရှိသူနဲ့ တပ်သားတွေသေဆုံးခဲ့ကြောင်း TNLA က ထုတ်ပြန်ခဲ့ပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ