အမ်း နပခကို စစ်ကူလာတဲ့ တပ်မ ၈၈ စစ်ကြောင်းတစ်ကြောင်းလုံးရှင်းခံရပြီးနောက် အလောင်း ရာချီနဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းပိုက်ရရှိကြောင်း AA က ထုတ်ပြန်ပါတယ်။အမ်းနဲ့ ဂွကိုစစ်ကူလာတဲ့ စစ်ကြောင်းတွေ အားလုံးချေမှုန်းခံရပြီး အဲဒီ စစ်ကြောင်းမှာ ဧရာဝတီတိုင်း ပုသိမ်နဲ့ ရန်ကုန်အခြေစိုက်တပ်ရင်းတွေပါ ပါဝင်နေ တယ်လို့ ထုတ်ပြန်စာမှာပါရှိပါတယ်။စစ်ကောင်စီဟာစစ်အင်အားမလုံလောက်တော့တာကြောင့် စစ်မဖြစ်တဲ့ ဧရာဝတီနဲ့ ရန်ကုန်က တပ်ရင်းတွေ တပ်သားသစ်စုဆောင်းခံရသူတွေကိုပါ ရခိုင်ကို စစ်ကူပို့နေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြခဲ့ကြပါတယ်။အမ်းကို စစ်ကူပေးဖို့တက်လာတဲ့ တပ်မ (၈၈) လက်အောက်ခံ၊ နည်းဗျူဟာတစ်ခုကို နိုဝင်ဘာလ (၂၈) ရက်၊ မနက် (၈) နာရီ (၃၅) မိနစ်မှာ အမ်းမြို့ မြောက်ဘက်၊ ရိုးတောင်ရဲ့ လမ်းမထက် တစ်နေရာမှာ အာရက္ခတပ်တော်က စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါစစ်ကြောင်းမှာ ခမရ (၃၁၇)၊ ခမရ (၄၁၅)၊ ခမရ (၄၁၆) စတဲ့ တပ်ရင်းသုံးရင်းဖြင့် စုပေါင်းထားပြီး အင်အား (၁၃၀) ခန့် ပါဝင်တယ်လို့ သိရပါတယ်။အဲ့ဒီစစ်ကြောင်းကို သုံးရက်နီးပါး ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်မှုအပြီး၊ နိုဝင်ဘာလ (၃၀) ရက်၊ နေ့လယ် (၂) နာရီ (၃၀) မိနစ်မှာ စစ်သား အလောင်း စုစုပေါင်း (၁၀၀) ကျော်၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့တဲ့အပြင် ထွက်ပြေးလွတ်မြောက် နေသူအချို့ကိုလည်း လိုက်လံရှင်းလင်းနေတယ်လို့ သိရပါတယ်။အလားတူ ဂွ ဘက်မှာလည်း စစ်ကူတက်လာတဲ့ စစ်တပ်စစ်ကြောင်းတစ်ခုကို နိုဝင်ဘာလ (၂၄) ရက်က စတင်ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီး နဲ့ သံခဲချိုင်ကျေးရွာနဲ့ ကင်းပုံကျေးရွာအကြား စတဲ့နေရာတွေမှာ သုံးရက် အတွင်း အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲံဒီစစ်ကြောင်းကနေ သိမ်းဆည်းရမိတဲ့ စစ်သား အလောင်း (၁၂၀) ကျော်၊ စစ်သုံ့ပန်းအချို့ နဲ့ လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများအရ အဲ့ဒီစစ်ကြောင်းမှာ အင်အား (၁၈၄) ယောက် ပါဝင်ခဲ့ပြီး ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃) တပ်ရင်း နှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂) တပ်ရင်းတို့ ဖြစ်ကြပြီး တပ်ရင်း (၅) ရင်းစုပေါင်းထားတဲ့ စစ်ကြောင်းတစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။အဆိုပါ စစ်ကူစစ်ကြောင်းမှ အစုလိုက်၊ အစုလိုက်ထွက်ပြေးလွတ်မြောက်နေသူတွေကိုလိုက်လံ ရှင်းလင်းတိုက်ခိုက်နေသလို ဂွမြို့ရှိ စစ်ကောင်စီတပ်သားတွေကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။စစ်ကောင်စီဟာ ရခိုင်ရိုးမဘက်ကနေ စစ်ကူတွေကို ရဟတ်ယာဉ်တွေနဲ့ အကြိမ်ကြိမ်ပို့ဆောင်ပြီး ဖြည့်တင်းဖို့ ကြိုးစားခဲ့ပေမယ့် အာရက္ခတပ်တော်က အဆင့်ဆင့် ဖြတ်တောက် ပိတ်ဆို့ထားနိုင်ခဲ့တာကြောင့် စစ်တပ်ရဲ့ စစ်ကူ စစ်ကြောင်းတွေဟာ သုံးရက်အတွင်း စစ်ကြောင်းတစ်ခုလုံး အချေမှုန်းခံရတဲ့ အဆင့်ထိ ရောက်ရှိခဲ့ရတယ်လို့ သိရပါတယ်။အမ်းမြို့နယ် တစ်ခုလုံးကို AA က ထိန်းချုပ်ထားပြီး နပခတစ်ခုထဲသာကျန်ရှိနေတာကြောင့် နပခကို သိမ်းပိုက်နိုင်ရေးဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ