အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တခုလုံးကို ရခိုင့်တပ်တော်ရဲ့အောင်မြင်မှုဟာ မကြာခင်ရခိုင်ပြည်ကြီးလွတ်မြောက်တော့မှာဖြစ်တယ်လို့ ဖော်ပြထားတဲ့ အောင်မြင်ခြင်းဂုဏ်ပြုသဝဏ်လွှာတစောင်ကို ပအိုဝ်းနှင့် မွန်လူမျိုးတို့၏ လက်နက်ကိုင်အဖွဲ့များဖြစ်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ (PNFC) ၊ မွန်ပြည်သစ်ပါတီ-စစ်အာအာရှင်ဆန့်ကျင်ရေး (NMSP-AD)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့က ဒီဇင်ဘာလ ၂၅ ရက်နေ့ရက်စွဲနဲ့ သဝဏ်လွှာပေးပို့ ခဲ့ကြပါတယ်။ အာရက္ခတပ်တော် အေအေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တခုလုံးကို အောင်မြင်ပြီး တိုင်းမှူးနှင့်စစ်ခေါင်းဆောင်အများအပြားကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ မကြာခင်ရခိုင်တပြည်လုံး လွတ်မြောက်တော့မှာဖြစ်တယ်လို့လည်း သဝဏ်လွှာက ဖော်ပြပါတယ်။ စစ်တိုင်းကြီးကိုအောင်နိုင်ခြင်းဟာ အာဏာသိမ်းအုပ်စုကိုတော်လှန်ရေးမှာ ပထမဆုံးလွတ်မြောက်မယ့် ရခိုင်ပြည်ရဲ့အလားအလာဖြစ်ကြောင်းလည်း အထူးပြုဖော်ပြခဲ့ကြပါတယ်။ ဒီအောင်မြင်မှုဟာ တော်လှန်ရေးနယ်မြေအသီးသီးမှာ လူမျိုးအသီးသီးလွတ်မြောက်ရေးတိုက်ပွဲများနဲ့ အပြန်အလှန်ချိတ်ဆက်၍ ရခိုင့်တပ်တော်ရဲ့ နိုင်ငံရေးအမြင်ကျယ်မှုဖြစ်တယ်လို့လည်း ချီးမွှမ်းထားတာတွေ့ရပါတယ်။ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မှ ပြောခွင့်ရ နိုင်မွန်ဆိုင်းက ဖော်ပြပါသဝဏ်လွှာနဲပက်သက်ပြီး အခုလိုပြောပါတယ် “AA ရဲ့ ခေါင်းဆောင်တွေက သူတို့ရခိုင် ဒေသတစ်ခုတည်းနဲ့ လွတ်မြောက်ရုံနဲ့ မလုံလောက်ဘူး၊ကျနော်တို့ တစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်မှသာလျှင် လွတ်မြောက်မှု အစစ်အမှန်ကို ရမယ်ဟု ပြောခဲ့ကြောင်း၊ ဒီအောင်ပွဲဟာ သူတို့ရဲ့ အောင်ပွဲဖြစ်သလို တိုင်းရင်းသားပြည်သူလူထုရဲ့ အောင်ပွဲလည်း ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောထားတာ ကျနော်တို့ တွေ့ရကြောင်း၊ ဒါဟာ အရမ်းချီးကျူးစရာကောင်းတဲ့ အချက်ပဲလို့ နိုင်မွန်ဆိုင်းက ပြောပါတယ်။ ဒီ ညီနောင်မဟာမိတ် သုံးဖွဲ့ဟာ တခြားသော တော်လှန်ရေးအင်အားစုတွေကို အာဏာသိမ်းပြီးကတည်းက ကူညီထောက်ပံ့တာ အပြည့်အဝ လုပ်ဆောင်ပေးခဲ့တယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် သူတို့ အခုလက်ရှိတိုက်နေတာက သူတို့ဒေသတစ်ခုတည်းအတွက် လွတ်မြောက်ရေး မဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေတယ်ဆိုတာ ထင်ထင်ရှားရှားတွေ့ရတယ်လို့ ဆိုထားပါတယ်။ မွန်နှင့်ပအိုဝ်း တော်လှန်ရေးတပ်များအနေနဲ့ကလည်း “တစိတ်တပိုင်း လွတ်မြောက်ရုံဖြင့် အားလုံးမလွတ်မြောက်နိုင်၊ အားလုံး လွတ်မြောက်မှသာ လွတ်မြောက်မှုအစစ်အမှန်ကို အပြည့်အဝ ရရှိမည်၊ ယခုအောင်ပွဲသည် ရက္ခိုင်ပြည်သူတို့၏ အောင်ပွဲဖြစ်သကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံး၏ အောင်ပွဲလည်းဖြစ်သည်”ဟု ခံယူထားသည်နှင့်အညီ သူ့အရေး ကိုယ့်အရေး၊ အားလုံးလွတ်မြောက်ရေးအတွက် စုပေါင်း တိုက်ပွဲဝင်ကြလျက် ရှိကြောင်း ပြောခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ လိုလားနေသော စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ဘုံလုပ်ငန်းစဉ်တွင် ညီနောင် မဟာမိတ်သုံးဖွဲ့ အပါအဝင် ဘဝတူညီနောင်တော်လှန်ရေးအင်အားစုများနှင့်အတူ ခိုင်ခိုင်မာမာ လက်တွဲ တိုက်ပွဲဝင်သွားမည် ဖြစ်ပါကြောင်း အဆိုပါ ၄ ဖွဲ့က ဂုဏ်ပြုသဝဏ်လွှာကိုပေး ပို့ရင်း သဘောထားထုတ်ပြန်ခဲ့ကြသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ