Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
January 12, 2026

ပွဲလမ်းသဘင်တွေကိုမင်းအောင်လှိုင်တက်ပြနေပေမယ့် မြေပြင်မှာစစ်ကောင်စီကခုခံစစ်ပြင်နေ

ပီဒီအက်ဖ်နှင့်ပူးပေါင်းတပ်တွေဟာ ကောလင်းမြို့တွင်းက ထွက်ခွါခဲ့ရပေမယ့် ဝိုင်းရံပိတ်ဆို့ထားဆဲအခြေအနေဖြစ်ပြီး မြို့တွင်းအဓိကနေရာတွေမှာရှိတဲ့ စစ်ကောင်စီဘက်ကတော့ ခံစစ်ပြင်တပ်စွဲထားကြပါတယ်။လေကြောင်းပစ်ကူအကြီးအကျယ်သုံးပြီး စစ်ကောင်စီဟာ ကောလင်းကိုပြန်ဝင်နိုင်ခဲ့ပေမယ့် မြို့အနီးမှာရှိနေတဲ့ တော်လှန်ရေးတပ်တွေကိုတော့ တိုက်ခိုက်နိုင်ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့လကတည်းက တိုက်ပွဲတွေငြိမ်သက်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ တော်လှန်ရေးတပ်တွေဟာ ကောလင်းကို ပိတ်ဆို့ထားဆဲဖြစ်ကြောင်း ကောလင်းမြို့နယ်ပကဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ပြီးခဲ့တဲ့လက ကုက္ကိုကုန်းမှာဖြစ်တာ နောက်ဆုံးပဲ။စကစဘက်က မြို့ပြင်ထွက်ဖို့ရှေ့တိုးလာရင်ကျွန်တော်တို့တော်လှန်ရေးတပ်တွေက တိုက်ကြတယ်။အဲဒီနောက်သူတို့လည်း ထွက်မလာတော့ဘူး”လို့ မြို့နယ်ပကဖအဖွဲ့ဝင်က ပြောပါတယ်။ ကောလင်းမြို့တွင်းမှာဆိုရင် စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေဟာ အထက (၁)၊ဆေးရုံ၊ထွေအုပ်နဲ့ ရဲစခန်းတွေမှာ အဓိကတပ်စွဲတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့ရဲ့ မြင့်မားတဲ့အဆောက်အဉီတချို့ပေါ်မှာလည်း စစ်ကောင်စီတွေ နေရာယူထားကြပါတယ်။

ကောလင်းနဲ့ကပ်လျက်ရှိတဲ့ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ ပတ်လည်မှာ ဝါသဝဦးဆောင်တဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့ဟာ ရွာတွေကို စစ်ကြောင်းထိုး မီးရှို့မှုတွေ ကျူးလွန်လျက်ရှိနေပါတယ်။ PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေ ပထမဆုံးသိမ်းနိုင်ခဲ့တဲ့ ကောလင်းကို ၃ လကျော်သာထိန်းထားနိုင်ပြီး ယခုနှစ် ဖေဖေါ်ဝါရီ ၁၃ မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအားကြောင့် ပြန်ဆုတ်ခွါထားရပေမယ့် ကောလင်းမြို့ကိုတော့ ဆက်လက်ဝန်းရံပိတ်ဆို့ထားဆဲ အခြေအနေဖြစ်ပါတယ်။ရခိုင်ဘက်မှာတော့ ရခိုင့်တပ်တော်ရဲ့ စစ်တိုင်းကြီးအပေါ် အောင်မြင်မှုအပြီးမှာ ဂွနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တချို့မှာ စစ်ကောင်စီက ခုခံစစ်ပြင်ဆင်ဖို့ကြိုးစားလာနေပါတယ်။ စစ်ကောင်စီဟာ ၄င်းတို့ရဲ့လက်အောက်ခံဖြစ်တဲ့ ပျူစောထီးများ၊ ပြည်သူ့စစ်နှင့်ပြည်သူ့လုံခြုံရေးအဖွဲ့များကို လက်နက်များ တပ်ဆင်ရန် ဖုတ်ပူမီးတိုက် စီစဉ်နေကြတာ ဖြစ်ပါတယ်။ဂွနဲ့ ဆက်နေတဲ့ ဧရာ၀တီတိုင်း ငသိုင်းချောင်း၊ ကျုံပျော်မြို့နယ်များနှင့်သာမက ရွှေသောင်ယံ၊ ငွေဆောင်၊ ချောင်းသာနှင့် ပင်လယ်ကမ်းခြေ နယ်စပ်ချင်း ဆက်စပ်ကျေးရွာအားလုံးကို လက်နက်တပ်ဆင်ပြီး ကူးစက်လာတော့မယ့် တော်လှန်ရေးကိုခုခံဖို့ ပြင်ဆင်နေတာပါ။ ငသိုင်းချောင်းမြို့နယ်မှ ထွေ/အုပ် သတင်းရင်းမြစ်တစ်ခုမှာတော့ “”တပ်ဘက်ကနေ ပြည်သူ့စစ်တွေကို လက်နက်တွေ ထုတ်ပေးဖို့ စာရင်းတောင်းတယ်။ ရွာအခြေပြု ပြည်သူ့စစ်တွေကို လက်နက် အတိုအရှည်နဲ့ ကျည်တွေ ထုတ်ပေးမယ်ပြောတယ်။

ဒီလကုန်တာနဲ့ ချပေးမယ်ပြောကြောင်း” ကြားသိရပါတယ်။ တပ်ဆင်ပေးဖို့စီစဉ်နေတဲ့လက်နက်တွေဟာ တိုက်ပွဲဝင်နိုင်ဖို့ အဓိကရည်ရွယ်နေတာဖြစ်လို့ MA စီးရီးသေနတ်တွေဖြစ်တယ်လို့လည်း သိရပါတယ်။ ဧရာဝတီတိုင်းတွင်းကို တိုက်ပွဲတွေ ရောက်ကာနီးအချိန်ဖြစ်ပေမယ့် ဂွမြို့နယ်မှတိုက်ပွဲများကြောင့် ဒေသခံအများအပြားကတော့ ဧရာဝတီတိုင်းအတွင်း အများအပြားရောက်ရှိနေကြပါပြီ။ ပုသိမ်ခရိုင်မှ ချောင်းသာနှင့်ရွှေ သောင်ယံမြို့နယ်၊ ဟင်္သာတခရိုင်မှ လေးမျက်နှာမြို့နယ်၊ ကျုံပျော်ခရိုင်မှ ရေကြည်နှင့် ငါးသိုင်း‌ချောင်းမြို့နယ်၊ မြန်အောင်ခရိုင်မှ ကြံခင်းနှင့် မြန်အောင်မြို့နယ်တို့တွင် လာရောက်တိမ်းရှောင်သူ စစ်ဘေးရှောင် ၁၀,၀၀၀ ခန့်ရှိနိုင်ကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက ခန့်မှန်းကြပါတယ်။ ရခိုင်ကိုစိတ်နာနေတဲ့ စစ်ကောင်စီကတော့ ဧရာဝတီတိုင်း ဟင်္သာတ ၊ မြန်‌‌အောင်၊ ရေကြည်၊ ပုသိမ် နှင့် ကျုံပျော်ခရိုင်တွင် ရောက်ရှိနေသော ရခိုင်စစ်ဘေးရှောင်များကို အငြှိုးတကြီးနဲ့ ပြန်လည်နှင်လွှတ်နေတာတွေ ပြုလုပ်နေတယ်လို့ သတင်းများမှာ ဖော်ပြနေကြပါတယ်။

You may have missed