မြဝတီအနီးက လောင်းကစားမြို့ ရွှေကုက္ကိုလ်မှာ ကာလဝမ်းရောဂါကြောင့်လူသေဆုံးမှုဖြစ်ခဲ့ပြီးနောက် အိမ်နီးချင်းထိုင်းနိုင်ငံဟာ ထိုင်း- မြန်မာနယ်စပ်က တောလမ်းတွေကို တစ်လကြာပိတ်ထားဖို့ အမိန့်ထုတ်လိုက်ပါပြီ။နယ်စပ်စည်းမျဉ်းတစ်လျှောက်က တောလမ်းတွေကိုပိတ်ထားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးကြဖို့ မနေ့က ဒီဇင်ဘာ ၂၃ရက်နေ့မှာ ညွှန်ကြားချက်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ညွှန်ကြားချက်ထဲမှာတော့ ကာလဝမ်းရောဂါတားဆီးဖို့အတွက် တာ့ခ်ခရိုင်က ပြည်သူ့ကျန်းမာရေးရုံးကို အရေးပေါ်ခွဲစိတ်ကုသရေးဌာန EOC ရုံးအဖြစ် ဆောင်ရွက်ပေးထားတယ်လို့လည်းသိရပါတယ်။ထိုင်းမြန်မာနယ်စပ်တကြောမှာ တရားမဝင်နယ်စပ်ဖြတ်ကူးမှုတွေ အလွယ်တကူရနိုင်တဲ့ နေရာများစွာရှိပြီး ဒေသအခေါ်အားဖြင့် အောက်လမ်းလို့ ခေါ်ကြပါတယ်။ “ လောလောဆယ်က တောလမ်းတွေဘက်က ဝင်လာတာတွေကိုအဓိက ကိုင်တွယ်တာ။ နယ်စပ်ဂိတ်တွေကတော့ အခုချိန်ထိ ပုံမှန်ပါပဲ။ကုန်ကားတွေ သွားလာနေတာ တွေ့နေရတုန်းပဲလို့ “ နယ်စပ်ဂိတ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
ထိုင်းဘက်ကသတင်းတွေထဲမှာတော့ ရွှေကုက္ကိုလ်မြို့မှာကာလဝမ်းရောဂါ ဖြစ်ပွားသူ ၂၀၀ ဝန်းကျင်နဲ့ သေဆုံးသူ နှစ်ဦးရှိခဲ့ပြီး ထိုင်းဘက်က ဆေးဝါးထောက်ပံ့မှုတွေ ပေးထားတယ်လို့ ဆိုထားပါတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့မှာလည်း မဲဆောက်မြို့မှာ ကာလဝမ်းရောဂါဆိုဆိုင်ရာ အသိပညာပေး နှိုးဆော်မှုတွေကို မြန်မာဘာသာနဲ့ ကြော်ငြာပြီး ကားနဲ့လိုက်လံ နှိုးဆော်နေကြပါတယ်။တာ့ခ်ခရိုင်အတွင်းမှာလည်း ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့သူ နှစ်ဦးရှိပြီးဆေးရုံမှာ ကုသမှုခံနေရကြောင်း ထိုင်းလူမျိုးများက ပြောဆိုနေကြပါတယ်။ ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ကမ်းတစ်လျှောက် ထိုင်းတပ်မတော်က ကင်းလှည့်အဖွဲ့တွေပုံမှန်ရှိပေမယ့် ရွှေကုက္ကိုလ်ဘက်က ဝမ်းရောဂါကူးစက်မှုကို သိရအပြီးမှာတော့ ပိုပြီး ကြပ်မတ်စောင့်ကြပ်နေကြပါတယ်။ အောက်တိုဘာလက တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ နိုရိုဗိုင်းရပ်စ်ရောဂါဟာ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံနယ်စပ်မြို့တွေထိ ကူးစက်လာခဲ့ပါပြီ။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက မယ်လမ နဲ့ မဲဆောက်ဆေးရုံ တွေ မှာ ဆေးရုံတင်ထားရသူ မြန်မာနိုင်ငံသားစုစုပေါင်း ၆ ဦး ရှိတယ်လို့လည်း သတင်းများမှာ တွေ့ရပါတယ်။ရွှေကုက္ကို ကနေ မဲဆောက်ကို လှေနဲ့နေ့ချင်းပြန်ပြီး ထိုင်းဘက်ကို ကူးသန်းအလုပ်လုပ်သူတွေရှိတာကြောင့် ထိုင်းဘက်က အထူးစိုးရိမ်နေကြတာဖြစ်ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ