စစ်အာဏာရှင်ကို သက်ဆိုးရှည်စေဖို့ အားမပေးကြရန် တော်လှန်ရေးတပ်ဖွဲ့များက အကြိမ်ကြိမ်သတိပေးနေရင်း တဖက်မှာလည်း ဒေါက်တိုင်အုပ်ကြီးတွေ အပြစ်ပေးခံနေရပါတယ်။ တော်လှန်ရေးစိုးမိုးနယ်မြေ ကျယ်ပြန့်မှုကြောင့် တိုင်းစစ်ဌာနချုပ်တွေတိုက်ခိုက်သိမ်းပိုက်ခံရခြင်း၊ နေပြည်တော်အမြန်လမ်းပေါ်တိုက်ပွဲဖြစ်ခြင်း၊ ရန်ကုန်တိုင်းတွင်းက ဒေါက်တိုင်တွေအပြစ်ပေးခံနေရခြင်းတွေက တော်လှန်ရေး အောင်မြင်တော့မယ့်အခြေအနေအဖြစ် အများကရှုမြင်ထားကြပါတယ်။ဒီဇင်ဘာ ၂၄ ရက်နေ့မှာလည်း ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ဟုမ်းလမ်းရပ်ကွက် ပန်းလှိုင်လမ်းရှိ အုပ်ချုပ်ရေးမှူးကို ရုံးအတွင်းထဲထိဝင်၍ တော်လှန်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက်လိုပါတယ်။ နံနက် ၁၀ နာရီအချိန်ခန့်တွင် အဆိုပါပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ယင်းရပ်ကွက်ရုံးအနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များအစစ်အဆေးများခဲ့ကြောင်း နီးစပ်သူတွေက ပြောပါတယ်။ အဲ့လိုပစ်ခတ်ခံရအပြီးမှာ “ဟုမ်းလမ်း ပန်းလှိုင်ဘူတာရပ်ကွက်ရုံးနားမှာ စစ်ခွေး ရဲခွေး အရပ်ဝတ်အင်အား အများအပြားရောက်ရှိနေကြောင်း၊ အသစ်ဖွဲ့စည်းထားပုံရတဲ့ အပြာရောင်လို ယူနီဖောင်းဝတ် ၃ကောင် ကျည်ကာ လက်ထိပ် တုတ် သေနတ် ပျောက်ကျားမျက်နှာဖုံးတွေနဲ့ ရှိနေကြောင်း Sanchaung Scout Channel က ဖော်ပြထားပါတယ်။
ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးစန်းငွေဟာ ယခင်အုပ်ချုပ်ရေးမှုး ထွက်ပြေးသွားသောကြောင့် ယင်းနေရာကို လုပ်ကိုင်နေသူဖြစ်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူများကို ဖိနှိပ်သူတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။ အာဏာသိမ်းခံရပြီးကတည်းက စစ်ကောင်စီလက်အောက်မနေလိုသူ အုပ်ကြီးတွေဟာ တာဝန်မှနှုတ်ထွက်ခဲ့ကြသလို ခေတ်ပျက်ကြီးအတွင်း လုပ်စားလိုသူအချို့ဟာ အုပ်ကြီးဟောင်းများနေရာဝင်ရောက်ပြီး တော်လှန်ပြည်သူတွေအပေါ် ဒုက္ခဆက်ပေးခဲ့ကြတာပါ။အခုဖြစ်စဉ်မှာလည်း အုပ်ကြီးစန်းငွေဟာ “စစ်တပ်နဲ့ ရဲကို သတင်းပေးတယ်။ စစ်မှုထမ်းဖို့ လူငယ်တွေဖိအားပေးတယ်၊ ငွေညှစ်တယ်။ ပြည်သူဆီက ဧည့်စာရင်းအကြောင်းပြ ငွေတောင်းတယ်။ စစ်တပ်၊ ရဲနဲ့ ပေါင်းပြီး မူးယစ်ဆေး၊ လောင်းကစားသမားတွေအတွက် ပွဲစားလုပ်တယ်” လို့ အကြောင်းသိသူတွေက ပြောဆိုပါတယ်။ ဒီမစ်ရှင်ကို ဖော်ဆောင်ခဲ့တာကတော့ Freeland Attack Force (FLA) ဖြစ်ပြီး ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ရာမှာတော့ အုပ်ချုပ်ရေးမှူးကိုပစ်ခတ်စဉ် လက်နက်ချို့ယွင်းမှုဖြစ်ခဲ့သောကြောင့် တစ်ချက်သာ ပစ်နိုင်ခဲ့ကြောင်း ပါရှိပါတယ်။
စစ်ကောင်စီဘက်က ဒေါက်တိုင်သတင်းများမှာဖော်ပြထားတာကတော့ ရန်ကုန် စမ်းချောင်း ဟုမ်းလမ်း အုပ်ကြီး ဦးစန်းငွေ မနက် ၁၀ နာရီခန့်က စိုးရိမ်ရသောဒဏ်ရာရပြီး စစ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ရေးသားထားပါတယ်။ စမ်းချောင်းအခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်ရဲ့အဆိုအရ အုပ်ကြီးစန်းငွေဟာ ရဲပြုတ်တဦးဖြစ်ကြောင်းလည်း သိရပါတယ်။အုပ်ကြီး စိုးသိန်း ထွက်ပြေးပြီး နောက် အုပ်ချုပ်ရေးမှူး အသစ်အဖြစ် လုပ်ဆောင်လာသူဖြစ်ကြောင်း၊ ၎င်း၏ ဇနီး ခင်ခင်ရွှေကလည်း အာဏာပါဝါပြကာ ရပ်ကွက်နေပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျနေကြောင်း၊ ဆိုကြပါတယ်။ စစ်ကောင်စီကိုအင်အားဖြည့်ဖို့ လူငယ်တွေကို ပေါ်တာဆွဲရာမှာ အုပ်ကြီးများက ကူညီနေကြတာပါ။ ဒီဇင်ဘာ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲခန့်မှာလည်း စမ်းချောင်းမြို့နယ်၊ ကျွန်းတောကျောင်းလမ်းထဲ သင်တန်း/အလုပ်မှ ပြန်လာသော အမျိုးသား ၂ ဦးကို အိမ်စီးကားနဲ့အကြမ်းဖက်တပ်သားများမှ ဖမ်းဆွဲခေါ်ဆောင်သွားကြပါတယ်။ ထိုနေ့ ညဦးပိုင်းကလည်း ရွှေလောင်းလမ်းဝန်းကျင်တွင် ယောကျ်ားလေး ၂ ဦးကို အိမ်စီးကား ၁ စီးဖြင့် ဖမ်းဆွဲသွားကြကာ အကြမ်းဖက်လုပ်ရပ်တွေကို အုပ်ကြီးနှင့် စစ်ကောင်စီတို့ အမြဲတစေ ပူးတွဲလုပ်ကြပါတယ်။
ယခုနှစ် ဇူလိုင်လ ၆ ရက်နေ့ကလည်း စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက်နေ အုပ်ကြီး ဦးခင်စိုးဆိုသူဟာ သေနတ်ဖြင့် ရှင်းလင်းခံခဲ့ရပြီးဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာဆိုရင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင် ၁၆ ဦးနဲ့ဖွဲ့စည်းထားပြီး စာရင်းပါဝင်တဲ့အချို့ဟာ စစ်ကောင်စီကိုမကူညီရဲတာကြောင့် နုတ်ထွက်ခဲ့ကြပါသေးတယ်။ လစ်လပ်သွားတဲ့နေရာတွေမှာ လုပ်စားချင်တဲ့ အုပ်ကြီးတွေဝင်ရောက်လာကြတာလည်း ရှိခဲ့ပါတယ်။ မနုတ်ထွက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း သူတို့ကို လုံခြုံရေးပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီမှာ တောင်းဆိုထားကြပေမယ့် ခုဆိုရင် စစ်ကောင်စီလက်အောက်ခံမှန်သမျှ မည်သည့်နေရာမှ လုံခြုံမှုမရှိခြင်းကို တော်လှန်ရေးတပ်ဖွဲ့ Freeland Attack Force ကသက်သေပြနိုင်ခဲ့ပြီဖြစ်ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ