ချင်းပြည်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီကင်းစင်သွားပြီးဖြစ်ပြီး ချင်းပြည်နယ်ရဲ့ ၈၅ ရာခိုင်နှုန်းနီးပါး လွတ်မြောက်နေပြီလို့ ချင်းညီနောင်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ချင်းပြည်နယ်အတွင်း အာရက္ခတပ်တော် AA သိမ်းပိုက် ထိန်းချုပ်ခဲ့တဲ့ ပလက်ဝဒေသအပါအဝင် မတူပီ၊ ကျင်ဒွေး၊ မင်းတပ်၊ ကန်ပက်လက်မြို့တွေကို သိမ်းပိုက်လိုက်ပြီဖြစ်တာကြောင့် ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးစစ်ကောင်စီကင်းစင်နယ်မြေဖြစ်လာပြီး မြန်မာ-အန္ဒီယ-ဘင်ဂလားနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း ပွင့်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောပါတယ်။ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ဒီဇင်ဘာ ၂၂ရက်တစ်ရက်ထဲမှာ ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။မင်းတပ်မြို့ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခြေလျင်တပ်ရင်း ခလရ (၂၇၄) ကို ဒီဇင်ဘာ ၂၁ ရက်က အပြီးသတ်တိုက်ခိုက်ခိုက်နိုင်ခဲ့တာကြောင့် မင်းတပ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီလို့ ချင်းညီနောင်က တရားဝင်ထုတ်ပြန်ပါတယ်။
ခလရ (၂၇၄) က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း မင်းတပ်မြို့ သိမ်းတိုက်ပွဲအတွင်း ကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။မင်းတပ်မြို့ပေါ်မှာ တိုက်ပွဲကျန်မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်တာ၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေဆက်လက် ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ခွင့်ပြုချက်မရရှိဘဲ မင်းတပ်မြို့ပေါ်မှာ ဝင်ထွက်သွာလာတာမပြုလုပ်ဖို့နဲ့ ပြည်သူတွေ ဝင်ရောက်နေထိုင်နိုင်မယ့် အချိန်ကို ပြန်လည်ထုတ်ပေးမယ်လို့ CDF Mindat က အသိပေးထုတ်ပြန်ထားပါတယ်။အဆိုပါစစ်ဆင်ရေးကို ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တွေဖြစ်တဲ့ Yaw Defense Force (YDF)၊ ယောတပ်မတော် (Yaw Army) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မုံရွာခရိုင် အမှတ် (၃) တပ်ရင်း တို့ ပါဝင် တိုက်ခိုက်ခဲ့ပြီး အာရက္ခတပ်တော် (AA) က လက်နက်ခဲယမ်းနဲ့ စစ်ကူတွေအပြင် စစ်ရေးဆိုင်ရာအကြံဥာဏ်တွေ ပံ့ပိုးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မင်းတပ်မြို့နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ကန်ပက်လက်မြို့ကိုလည်း ဒီဇင်ဘာ ၂၂ရက်နက်ပိုင်းမှာ မြို့သိမ်းတိုက်ပွဲ ကြေညာခဲ့အပြီး နေ့လယ်ပိုင်းမှာ မြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ကန်ပက်လက်မြို့ပေါ်မှာ ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေ မကွေးတိုင်း ယောနယ်အတွင်း ဆုတ်ခွာသွားရာ မြို့ကို အပြည့်အဝထိန်းချုပ်လိုက်ခြင်းဖြစ်ပါတယ်။ချင်းညီနောင်အဖွဲ့စစ်ဆင်ရေးဖော်ဆောင်နေတဲ့ ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့ရဲ့နေရာအများစုကိုလည်း သိမ်းပိုက်ထားနိုင်ပြီဖြစ်တာကြောင့် ချင်းပြည်နယ်မှာလည်း ရခိုင်ပြည်နယ်လို တီးတိန်၊ ထန်တလန်၊ ဟားခါးစတဲ့ မြို့ ၃မြို့သာကျန်ရှိတော့တယ်လို့ သိရပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ