ကေအိုင်အေဟာ နယ်မြေအများအပြားကို သိမ်းယူနိုင်ခဲ့ပြီး လက်ရှိမှာလည်း အရေးပါတဲ့ဗန်းမော်ကို ထပ်သိမ်းဖို့ကြိုးစားနေစဉ်မှာပဲ တရုတ်ဘက်က ဂိတ်တွေဖွင့်လိုက်တဲ့သတင်းတွေကတော့ ဒီနေ့အတွက် ထူးခြားလို့နေပါတယ်။ အိမ်နီးချင်းတရုတ်ရဲ့ဖိအားပေးမှုကို တဖက်ကခံယူရင်း တဖက်က စစ်ကိုနိုင်အောင်တိုက်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်ဟာ ခုတော့ စစ်နိုင်လို့အရေးပေးခံရတော့မယ့်အခြေအနေကို ဆိုက်လာပါပြီ။တရုတ်ကဖိတ်လို့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ကူမင်းရောက်သွားတဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ နှင့်အဖွဲ့ဟာ လက်ရှိအချိန်အထိ တရုတ်အစိုးရနှင့် ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၃ ရက်နေ့မနက်မှာပဲ တရုတ်ကပိတ်ထားတဲ့ ဂိတ်တွေကို ပြန်ဖွင့်တဲ့ရုပ်သံတွေပြန့်နှံ့လာခဲ့ပြီး ဒါဟာ တရုတ်ကချင်ဆွေးနွေးပွဲရလာဒ်တစိတ်တပိုင်းအဖြစ် ပေါ်ထွက်ခဲ့တာလားဆိုတာတော့ ဗိုလ်မှူးကြီးနော်ဘူက အတည်မပြုသေးပါဘူး။လက်ရှိ KIO ထိန်းချုပ် နယ်မြေအတွင်းမှ ပြန်လည် ဖွင့်လှစ်လိုက်သော တ ရုတ်-မြန်မာနယ်စပ်ဂိတ်များတွင် လိုင်ဇာ၊ လွယ်ဂျယ်၊ မိုင်ဂျာယန်၊ နယ်စပ်ဂိတ်များပါဝင်ပါတယ်။ KIO ထိန်းချုပ်နယ်မြေအတွင်းမှ ကျန်ရှိနေသေးသော ဂိတ်များအားလုံးကိုလည်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံဟာ စစ်ပွဲတွေရပ်ကြဖို့ အကြိမ်ကြိမ်ဖိအားပေးနေခဲ့ရင်း တဖက်ကလည်း နယ်စပ်ဂိတ်တွေကိုပိတ်ချပြီး ကချင်လွတ်မြောက်ရေးတပ်မတော်ကို အခက်ကြုံဖို့ ကြိုးပမ်းခဲ့ပါတယ်။ KIO ခေါင်းဆောင်များဟာ စစ်ကောင်စီနဲ့ အပစ်ရပ်ချင်ပေမယ့် မလွှဲမရှောင်သာလို့ ဆက်ဖြစ်နေရတဲ့တိုက်ပွဲပုံစံမျိုးဖြစ်ကြောင်း တရုတ်ကိုအကြောင်းပြခဲ့ပါတယ်။နယ်စပ်ဂိတ်ဒေသဖြစ်တဲ့ အထူးဒေသ ၁ ကို ကေအိုင်အေ သိမ်းယူပြီးချိန်မှာတော့ တရုတ်နိုင်ငံဟာ နယ်စပ်ဂိတ်ကုန်သွယ်ရေးကို အစိုးရတရပ်နဲ့သာ ဆက်သွယ်ဆောင်ရွက်မယ်လို့ထုတ်ဖော်ပြောဆိုပြီး အောက်တိုဘာ ၁၈ ရက်နေ့ကစလို့ ဂိတ်ပိတ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း နယ်စပ်ကိုဆက်ပိတ်ထားပေးဖို့ တရုတ်ကိုအကူအညီတောင်းခဲ့ကြောင်း သတင်းများမှာ ဖော်ပြခဲ့ကြပါတယ်။ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်လို့တင်စားကြတဲ့ ဗန်းမော်ကို ကေအိုင်အေ သိမ်းကာနီးချိန်မှာတော့ KIO ခေါင်းဆောင်များနဲ့ ဆွေးနွေးရာမှ အခုလို နယ်စပ်ပြန်ဖွင့်တဲ့ အခြေအနေဆိုက်ရောက်လာခဲ့ပါပြီ။ လွယ်ဂျယ်နယ်စပ်ဂိတ်ကို တရုတ်ဘက်က ဒီဇင်ဘာ ၁၂ ရက်၊ မနေ့ကတည်းက ဖွင့်ခဲ့တာပါ။ ဒါကို ကေအိုင်အေဘက်က ပြန်မဖွင့်ဘဲ ပြန်လည်ပိတ်ချထားတာပါ။ ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာတော့ နှစ်ဖက်စလုံး ဂိတ်တွေ ဖွင့်ခဲ့ကြပါပြီ။
ကေအိုင်အေထိန်းချုပ်ထားနိုင်တဲ့ ဂိတ်တွေကတော့ ကန်ပိုက်တီနယ်စပ်ဂိတ်၊ ပန်ဝါ၊ လိုင်ဇာ (နားပန်းဂိတ်)၊ လွယ်ဂျယ်နှင့် မန်ဝိန်းကြီး နယ်စပ်ကုန်သွယ်ရေးစခန်းဂိတ်တို့ ဖြစ်ကြပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကချင်အဖွဲ့နှင့်တရုတ်တို့ဆွေးနွေးပွဲစတင်နေပြီလို့ သိထားရပြီး မည်သည့်အကြောင်းအရာတွေကို ဆွေးနွေးနေလဲဆိုတာတော့ KIO/KIA ဘက်က ထုတ်မပြောသေးပါဘူး။ အခုတခေါက်ဆွေးနွေးနေတဲ့ တရုတ်ဘက်က ခေါင်းဆောင်ဟာ အရင်လူ တိန့်ရှီကျွင်းမဟုတ်ဘဲ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဗဟိုကော်မတီဝင်အဖွဲ့ဝင် Wu Ken နဲ့ လူပြောင်းထားပြီး မူတွေလည်း ပြောင်းလဲလာတာဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိလာပါတယ်။ တရုတ်နိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာကို လက်လှမ်းမီရန် ကြိုးပမ်းနေသော ‘တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်း’ စီမံကိန်း တည်ရှိရာ ဗန်းမော်မြို့ပေါ် ကေအိုင်အေတပ်တွေရောက်ရှိတိုက်ပွဲဝင်ချိန်မှစလို့ အခုလိုပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။အခြားတဖက်မှာလည်း ကမ္ဘာကျော်မြေရှားသတ္ထုများထွက်ရှိရာ ပန်ဝါ၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်ဒေသတလျောက်ကိုလည်း KIA က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ တရုတ်ဟာ ၄င်းတို့နိုင်ငံရဲ့အကျိုးစီးပွားကိုသာ မူတည်ပြီး စဉ်းစားလေ့ရှိတာကြောင့် စစ်နိုင်နေတဲ့ ကချင်တပ်မတော်နှင့် မလွဲမသွေ အလေးထားဆက်ဆံရတော့မယ့်အကြောင်း တော်လှန်ရေးအသိုင်းအဝိုင်းကြား ဂုဏ်ယူပြောဆိုမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာနေသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ