အင်အားပြုန်းတီးမှုကိုဖာထေးနိုင်ဖို့ စစ်ကောင်စီက အသည်းအသန်ကြိုးစားခဲ့ပေမယ့် လက်အောက်ခံအုပ်ကြီးများက ငွေကောက်ခံပြီး လူငယ်အချို့ သက်သာရာရခဲ့ကြပါတယ်။ တိုက်ပွဲတိုင်းမှာ စစ်ရှုံးမှုတွေ စိပ်လာချိန်မှာတော့ ခုဆို ငွေမယူတော့ဘဲ သတ်မှတ်ချက်အတိုင်း လူငယ်တွေကို မဖြစ်မနေ စစ်မှုထမ်းဖို့ ဖိအားပေးလာနေကြပါတယ်။အစပိုင်းမှာတော့ စစ်အုပ်စုရဲ့ဒေါက်တိုင်အဖြစ် အသက်မွေးတဲ့အုပ်ကြီးတွေဟာ အဓမ္မစစ်မှုထမ်းဥပဒေကိုရှောင်ရှားလိုသူတွေဆီက ရတဲ့ငွေနဲ့ အဆင်ပြေခဲ့ကြတာမျိုးပါ။ အသက်အရွယ်အရ စစ်ထဲဝင်ဖို့အကျုံးဝင်သော လူငယ်ရှိတဲ့အိမ်ကို အနည်းဆုံး လစဉ်နှစ်သောင်းကောက်ယူပြီး အဆင့်ဆင့်ဝေစားနေခဲ့ကြတာမျိုးပါ။
အင်အားပြုန်းတီးမှုတွေ မြင့်တက်လာနေပြီး မဖြစ်မနေ လူသွင်းရမယ့် ခုလိုအချိန်မှာတော့ ယခင်ကလိုမဲနှိုက်ခွင့် ပိုက်ဆံလာဘ်ထိုးခွင့် ကင်းလွတ်ခွင့်ပြုတော့မှာမဟုတ်ကြောင်း ဒေါက်တိုင်အုပ်ကြီးများက အသိပေးပြောဆိုလာကြပါပြီ။ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ် စတဲ့မြို့နယ်များမှာ အခုလို မဖြစ်မနေ စစ်မှုထမ်းဖို့ ပြောဆိုနေကြခြင်းဖြစ်ကြောင်း ဒေသတွင်းနေထိုင်သူများထံမှ သိရပါတယ်။ ရှမ်းမြောက် ရှမ်းတောင် ကချင် ရခိုင် မကွေးစစ်ကိုင်း ကရင်ပြည်နယ် စစ်မျက်နှာတိုင်းမှာစစ်ရှုံးနေတဲ့ စစ်ကောင်စီအရာရှိတွေက ရတဲ့နည်းနဲ့ အင်အားဖြည့်တင်းဖို့ ခုလိုကြိုးစားနေချိန်မှာပဲ မောင်တောဒေသတခုလုံးကို ရခိုင့်တပ်တော်သိမ်းပိုက်ပြီး နခခ ၅ ကျသွားတဲ့ရုပ်သံမှတ်တမ်းတွေလည်း လူမှုကွန်ရက်ပေါ်မှာ ဖုံးဖိမရ ထွက်ပေါ်လို့လာခဲ့ပါတယ်။
“အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း ယောက်ျားသားရှိတဲ့အိမ်တိုင်း တစ်ယောက်ကို ငွေ ၂ သောင်းနှုန်း ပေးရကြောင်း တချို့အိမ်တွေဆိုရင် လူငယ် ၃ ဦးရှိတော့ ၆ သောင်းပေးရတယ်။ လက်လုပ်လက်စားဘဝနဲ့ အဆင်မပြေလို့ ပေးစရာမရှိတာ့ အတိုးနဲ့ချေးပေးနေကြရတယ်။ အတိုးပေါ်အတိုးဆင့်နဲ့ ဒုက္ခတွေ ရောက်နေကြတာပါ ” လို့ အမည်မဖော်လိုသည့် ရန်ကုန်ဒေသခံတစ်ဦးက ပြောပြပါတယ်။ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးကျော်နိုင်ဆိုသူကလည်း ရပ်ကွက်အတွင်းမှ စစ်မှုထမ်းရန် အကျုံးဝင်သော လူငယ်တိုင်းကို စစ်တပ်ထံသို့ စာရင်းပေးပို့ထားပြီးဖြစ်၍ စစ်တပ်က ခေါ်လာသည်နှင့် သွားရောက် အမှုထမ်းရမည်ဖြစ်ကြောင်း” ရပ်ကွက်နေပြည်သူများကို ပြောဆိုနေပါတယ်။
စစ်ကောင်စီရဲ့အမှုကိုထမ်းဖို့ ခုလို အသက်ရင်းရမည့်အခြေအနေနဲ့ကြုံနေစဉ်မှာပဲ အခြားသူများကလည်း မင်းအောင်လှိုင်အတွက်အမှုထမ်းလူငယ်တွေကို ထောက်ပံ့ရန်ဟုဆိုကာ အိမ်ထောင်စုတိုင်းကို ငွေကောက်ခံကြပြန်ပါတယ်။ ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက်မှ အုပ်ကြီး ညီညီထွေးဆိုရင် စစ်မှုထမ်းဆင့်ခေါ်စာဖြင့် လူငယ်များကို ရပ်ကွက်ရုံးသို့ခေါ်ပြီး အိမ်ပြန်ခွင့်မပေးတော့ဘဲ စစ်တပ်ထဲကို တခါတည်းတန်းပို့နေကြောင်း၊ သိရပါတယ်။ နာမည်စာရင်းပါလျက်နဲ့ အခုလို စစ်ထဲဝင်ဖို့ငြင်းဆန်မယ်ဆိုရင် ဖမ်းဆီးထောင်ချပစ်မယ်လို့ အဓမ္မခြိမ်းခြောက်လျက်ရှိပါတယ်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာလည်း စစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းအောင်က စစ်မှုထမ်းဖို့လူစုဆောင်းပေးရန် အတင်းအကျပ်ခိုင်းစေနေပြိး လူစုမပေးနိုင်ရင် ပေါ်တာဆွဲဖမ်းမယ်ဟု ခြိမ်းခြောက်နေကြောင်း ကေအန်ယူဗဟိုမှ ထုတ်ပြန်တဲ့သတင်းအရ သိရပါတယ်။ လှိုင်းဘွဲ့မြို့နယ် ၊ ဗျူဟာရုံးတွင်ရွာသားများကိုစည်းဝေးခေါ်ပြီးလှိုင်းဘွဲမြို့ပေါ်ရပ်ကွက် က၊ ဃ အုပ်ချုပ်ရေးမှူးများ နှင့် ထော်ရွှဲ၊ အင်းနို့၊ သိပ္ပံ၊ ကမော့လဲ၊ တခွက်ဖိုး၊ နိုးကော၊ ကွမ်မောင်၊ မြလေး၊ သာယာကုန်း၊ ဂျို့ချော၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျိုပကို၊ တခေးလိုများမှ ကျေးနယ်အုပ်ချုပ်ရေးမှူးများကို ခေါ်ယူကာ လူစုပေးဖို့ အဓမ္မဖိအားပေးနေကြပါတာ ဖြစ်ပါတယ်။
လှိုင်းဘွဲ့ဘက်မှာတော့ လူမပေးနိုင်ဘူးဆိုရင် လူတယောက်အစား ငွေကျပ် သိန်း ၃၀ ထိဈေးပေါက်ပါတယ်။ လိုက်နာဆောင်ရွက်ခြင်းမပြုပါက မြို့အဝင်အထွက်ဂိတ်များမှ နေ၍ အဆင်ပြေသလို စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးမည် ဟုလည်း ခြိမ်းခြောက်နေကြပါတယ်။ စစ်မှုထမ်းအပတ်စဉ် ၈ တွင် ကျေးရွာတစ်အုပ်စုလျှင် တပ်သားသစ် တစ်ဦးနှုန်းဖြင့် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် နောက်ဆုံးထား၍ မဖြစ်မနေပေးရမည်ဟု ဗျူဟာမှူးက အမိန့်ပေးထားပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း မည်သည့်ဒေသ မည်သည့်လူတန်းစားမျှ သက်သာခွင့်မရဘဲ အကြောင်းမျိုးစုံနဲ့ စိုးရိမ်ထိတ်လန့်နေရတဲ့ အခြေအနေဖြစ်သည်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ