ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် ဗန်မော်မြို့နေရာအများအပြားမီးလောင်ကျွမ်းခဲ့ကာ ဗန်းမော်ရဲစခန်းနဲ့ ဗန်းမော်ဈေးကြီး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။မနေ့က ဒီဇင်ဘာ ၁၀ရက်နေ့ ညပိုင်းက စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် နေရာအနှံ့မီးလောင်ကာ ဗန်းမော်ရဲစခန်းနဲ့ ဗန်းမော်ဈေးကြီးမီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက VOR ကိုပြောပါတယ်။”ဗန်းမော်ဈေးကြီးမီးလောင်သွားပြီ။ KBZ ဘဏ်နားက ရဲစခန်းလဲပြာကျသွားတယ်။ ဗန်းမော်ကားဂိတ်ပေါ့ဗျာ ဗန်းမော်-မန္တလေးကားဂိတ်နားက တိုက်တန်းတွေလဲပြာကျသွားပြီ မနေ့ညကလေယာဉ်နဲ့ကြဲတာ”လို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။စစ်ကောင်စီဗုံးကြဲမှုကြောင့် ကချင်စုဗလီဘေးလမ်းကြား လက်နက်ကြီးကျရောက်ပြီး အရပ်သားအစုလိုက် သေဆုံးမှုတွေလဲ ရှိနေတယ်လို့ အတည်မပြုနိုင်သေးတဲ့သတင်းတွေလဲထွက်ပေါ်နေပါတယ်။
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်တပ်တွေက ဒီဇင်ဘာ ၄ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲစတင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၈ရက်မှာ မြို့ပေါ်ရပ်ကွက် ၁၆ရပ်ကွက်လုံးနဲ့ မြို့ပြင်ကိုပါ ရှင်းလင်းထားနိုင်ပြီလို့ သိရပါတယ်။သုံ့ပန်းတွေနဲ့ စစ်ကောင်စီထံက လက်နက်ခဲယမ်းအချို့ပါသိမ်းဆည်းရရှိထားပြီး စစ်မျက်နှာ ၄နေရာထက်မနည်းထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။ဗန်းမော်မြို့သိမ်းတိုက်ပွဲ တပတ်တာကြာမြင့်လာတာနဲ့အမျှ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ အမှတ် ၂၁စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ( စကခ ၂၁)ထဲက လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ ကုန်းလမ်း၊ ရေလမ်းကနေ ထွက်ပြေးတိမ်းရှောင်နေရပြီး သေဆုံးရတဲ့ ဒေသခံ ၂၀နီးပါးရှိနေလာပြီလို့ ဒေသတွင်းသတင်းတွေက ဖော်ပြနေကြပါတယ်။
ဗန်းမော်မှာ စစ်ကောင်စီရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ဌာနချုပ်အပါအဝင် ခလရ ၄၇၊ ခလရ၂၃၆၊ ခလရ ၂၃၇၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်စု၊ ထပခ ၉၃၃ ထောက်ပံ့ပို့ဆောင်ရေးတပ်၊ အမှတ် (၁၁) စစ်မြေပြင်ဆေးတပ်ရင်း၊ ဆက်သွယ်ရေးတပ်၊ အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်း၊ အမတ (၃၁၄) အမြောက်တပ်၊ အမှတ် (၃၆၆)အမြောက်တပ်၊ အမှတ် (၅၀၁၄)တင့်ကားတပ်ရင်း၊ အမှတ် (၉၁၄)စစ်အင်ဂျင်နီယာတပ်၊ အမှတ် (၉၄၄)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ တပ်မ (၈၈)လက်အောက်ခံ တပ်ရင်း ၃ခုရှိတယ်လို့ သိရပါတယ်။ဗန်းမော် တက္ကသိုလ်တွေက စစ်ကောင်စီတပ်စွဲရာနေရာတွေနဲ့ ဟိုတယ်တွေနားထိ KIA က နေရာယူထားပြီး မိုးမောက်-ဗန်းမော်ကြား ၆မိုင်နေရာ၊ မြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးပေါင်းစုံ ရုံးကြီး အပါအဝင် စခန်း ၁၀ခုခန့်ကို သိမ်းပိုက်ထားပြီလို့ သိရပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ