Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 5, 2026

မောင်တော နခခ ၅ ကို AA သိမ်းပိုက်ပြီး မြို့ကိုထိန်းချုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ ၅) မြို့သူကြီးကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်လိုက်ပြီး မောင်တောမြို့နယ်တခုလုံးကို သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။မောင်​တောမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ သြဂုတ်လ ၄ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မောင်တောမြို့ကစခန်းများအားလုံးသိမ်းပိုက်ထိန်းချုပ်ခဲ့ပေမယ့် အဲ့ဒီနယ်ခြားစောင့်တပ်တခုသာ ကျန်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့် မောင်တောနယ်စပ်မှာ ရှိတဲ့ သုံးလကျော်ကြာနည်းမျိုးစုံနဲ့ ပိတ်ဆို့တိုက်ခိုက်ခြင်းခံနေရတဲ့ မောင်တော နခခ(၅) မြို့သူကြီးတပ် ဟာ နောက်ဆုံးမှာ ထိမ်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၅ရက်နဲ့ ၆ရက်မှာ AA က အနီးကပ်တိုက်ခိုက်နိုင်ခဲ့ရာက မနေ့က ဒီဇင်ဘာ ၇ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။နခခ(၅)ကို လေကြောင်းကနေ ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းပေးရုံကလွဲလို့ ကျန် ကုန်းလမ်း၊ ရေလမ်းအားလုံးကို AAက ပိတ်ဆို့ဖြတ်​တောက်ထားပြီး နခခ (၅) စခန်းကို မကြာမီသိမ်းပိုက် ရရှိနိုင်တော့မယ်လို့ ဒီဇင်ဘာ ၆ရက်နေ့က AA က သတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဟာ နခခ(၅) ကျပါက မောင်တောတမြို့လုံးကျမှာဖြစ်တာကြောင့် နေဗီရေတပ်က လက်နက်ကြီးနဲ့ ပစ်ကူပေးနေသလို ၊ လေကြောင်းကလည်း အဆက်မပြတ်ခုခံခဲ့ပြီး မောင်တောမြို့ ဧရိယာထဲကိုလည်း ဖျက်အားပြင်း ပေါင် ၁၀၀၀ ဗုံးတွေ ကြဲချခဲ့ပါတယ်။

မောင်တောမြို့က စစ်ကောင်စီစခန်းများအားလုံးက AA တိုက်ခိုက်သိမ်းပိုက်ပြီး တစ်ခုတည်းကျန်တော့တဲ့ မြို့သူကြီး အခြေစိုက် မောင်တော နခခ(၅) မှာ စစ်ကောင်စီရဲ့ လက်ကျန်အင်အားတွေ စုပေါင်းထားပြီး ခုခံခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာ တောင်ကုတ်၊ ဂွမြို့တို့်ကိုပါ AA က တပြိုင်နက်ထိုးစစ်ဆင်နေသလို အမ်းမှာလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဂွင်ကလွဲလို့ တမြို့လုံးကို ထိန်းချုပ်ထားပါတယ်။အမ်းနဲ့ မောင်တောဟာ လက်ကျန်စခန်း တစ်ခုစီသာကျန်ရှိနေသလို တောင်ကုတ်နဲ့ ဂွမြို့နယ်ဟာလည်း AA ဘက်ကအသာစီးနဲ့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

You may have missed