ထိုင်းမြန်မာ နှစ်နိုင်ငံရေနယ်စပ်တွင်း နိုဝင်ဘာ ၃၀ ရက် ပစ်ခတ်မှုမှာ လူသေဆုံးမှုတွေရှိခဲ့ပြီး ဒီကိစ္စကိုအတိအကျစုံစမ်းဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်က ညွှန်ကြားထားပါတယ်။ စစ်ကောင်စီရေတပ်ကပစ်လို့ထိုင်း ၁ ဦးသေဆုံးသွားပြီး ၂ ဦးဒဏ်ရာရကာ မြန်မာ ၂၇ ဦးနှင့် ထိုင်း ၄ ဦး စုစုပေါင်း ၃၁ ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ ဒီကိစ္စအပေါ် ထိုင်းဝန်ကြီးချုပ်က အရေးယူစုံစမ်းနေပြီး မြန်မာရေတပ်ဟာ မလိုအပ်ဘဲ အင်အားအလွန်အကျွံသုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။ စစ်ကောင်စီရဲ့ သတင်းနှင့်ပြန်ကြားရေး ဘက်ကတော့ ဒီကိစ္စကို ဗိုလ်ချုပ်ဇော်မင်းထွန်းမှတဆင့် သတင်းထုတ်ပြန်လာပါတယ်။ အကြမ်းဖက်စစ်ကောင်စီကပြောရာမှာ မြန်မာရေပိုင်နက်အတွင်း ထိုင်းငါးဖမ်းလှေဟာ ငါးခိုးဖမ်းခဲ့ကြောင်း၊ စစ်ဆေးဖို့ခေါ်ယူရာမှာ ထွက်ပြေးတာဖြစ်လို့ ပစ်ခတ်ခဲ့ကြောင်း သတင်းတုံ့ပြန်ထားပါတယ်။ အဆိုပါထိုင်းငါးဖမ်းလှေကို ကော့သောင်းမြို့နယ် ၊ ကြက်မောက် ကျွန်း မြောက်ဘက်ထိပ် အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာ မြန်မာနိုင်ငံရေပိုက်နက်အတွင်း ၅ မိုင်ခန့်အကွာမှာ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။ ဖမ်းဆီးရရှိသော ထိုင်းငါးဖမ်းစက်လှေမှ မြန်မာရေပိုက်နက်အတွင်း ငါးဖမ်းခိုးခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ငါးဖမ်းစက်လှေပေါ်တွင် လက်နက်ခဲယမ်းမဟုတ်သော တော်လှန်ရေးအဖွဲ့များနှင့်ဆက်နွယ်သော ပစ္စည်းများ တွေ့ရှိရ၍ ဆက်လက်စစ်ဆေးနေကြောင်း အကြမ်းဖက်စစ်ကောင်စီဘက်က ပြောပါတယ်။ ဒါဟာ ရေပိုင်နက်ကျူးကျော်လို့ လုပ်ထုံးလုပ်နည်းအရပဲ ပစ်ခတ်တာဖြစ်တယ်လို့ အကြမ်းဖက်အုပ်စု သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီရေတပ်ရဲ့ လက်နက်ကျည် ထိုင်းနယ်နိမိတ်ထဲကို ကျ၊ မကျ စစ်ဆေးဖို့ အပါအဝင် ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်ဖို့ ထိုင်းတော်ဝင်ရေတပ်ဦးစီးချုပ်က အမိန့်ပေးထားပါတယ်။ အခုလို ထိုင်းမြန်မာပင်လယ်ပြင်မှာသာမက၊ နိုဝင်ဘာ ၂၇ ရက် ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက် စိန့်မာတင်ကျွန်းအနီးမှာ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ ၁ စီး ကို မြန်မာရေတပ်က ပစ်ခတ်လို့ လူ ၁ ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က လည်း ပြောထားပါသေးတယ်။ အခုလိုဖြစ်ရပ်တွေဟာ မြန်မာပြည်တွင်း စစ်ကောင်စီပြုတ်ကျရေး တော်လှန်ရေးတိုက်ပွဲများကြား ဖြစ်ခဲ့တာပါ၊ ဒါဟာ အိမ်နီးချင်းနိုင်ငံကြား ပြဿနာတစုံတရာဖန်တီးဖို့ သို့မဟုတ် နိုင်ငံရေးအမြတ်ထုတ်လိုမှုတခုခု ရှိနေသလားလို့ အများကစောင့်ကြည့်နေရပါတယ်။ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟာ စစ်ကောင်စီခေါင်းဆောင်နဲ့ မဲခေါင်ဒေသအစည်းအဝေးမှာ တွေ့ဆုံခဲ့အပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ခုတော့ စစ်ကောင်စီရဲ့လက်နက်အားကိုးမှုကြောင့် ထိုင်းနိုင်ငံသားတွေ သေဆုံးခဲ့ရအပြီးဒီကိစ္စအပေါ် အရေးယူဆောင်ရွက်ဖို့ ဖိအားပေးခံရမှုနှင့်အတူ ထိုင်းနိုင်ငံသားတွေကိုလွှတ်ပေးဖို့ တောင်းဆိုနေရပြီဖြစ်ပါသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ