ရခိုင်ပြည်နယ်တခုလုံးကို သိမ်းပိုက်ဖို့ကြိုးစားနေတဲ့ ရက္ခိုင့်တပ်တော်ဟာ လက်ရှိမှာတော့ တောင်ကုတ်မြို့သိမ်းနိုင်ဖို့ နီးကပ်နေပါပြီ။ တရားဝင်သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပေမယ့် ဒေသသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေထံမှ သိရတာကတော့ တောင်ကုတ်မြို့တိုက်ပွဲမှာ စကခ ၅ နှင့် ခမရ ၅၄၄၊ ၃၄၆ တပ်ရင်းများသာ AA ကိုဆက်လက်ခုခံနေတယ်လို့ ဆိုပါတယ်။ တောင်ကုတ်မြို့နှင့် စကခ ၅ တပ်မကို အဓိက ကာရံထားတာကတော့ ပန်းမြောက်တောင် အမြောက်စခန်း၊ သဲခံတောင် အမြောက်စခန်း၊ တက္ကသိုလ်မောင်းတံဂိတ်၊ တောင်ကုတ်တက္ကသိုလ် အမြောက်စခန်း၊ ဆီးကိုင်တောင် (နတ်မော်) တပ်စခန်း၊ အာလိန်ငါးဆင့်ကျောင်းတိုက် တပ်စခန်းနှင့် ဖုံညိုစစ်ရေးဂိတ်တို့ဖြစ်ကြပြီး အဆိုပါစခန်းတွေကို AA က နိုဝင်ဘာလ အစောပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့ပြီး တောင်ကုတ်မြို့ထဲသို့ ဝင်ရောက်ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ကုတ်အနီးဝန်းကျင်က စစ်ကောင်စီတပ်တွေဟာ တောင်ကုတ်မြို့ထဲရှိ ကိုင်းရှည်တံတား ဂိတ်၊ စည်ပင်ရုံး၊ KBZ ဘဏ်၊ အထက (၁) စာသင်ကျောင်း၊ မင်းမင်းရတနာရွှေဆိုင်၊ ဦးထွန်းကြွယ်တိုက်၊ တောင်ကုတ်ဟိုတယ်၊ ဂူတာကျောင်း၊ ကုတင် ၁၀၀ ဆေးရုံနှင့် ရဲစခန်းတို့ကို ဆုတ်ခွာပြီး ထပ်မံ နေရာယူကာ AA ထိုးစစ်ကို ခုခံခဲ့ပါသေးတယ်။ စစ်တိုက်စွမ်းရည်ကင်းမဲ့တဲ့ စစ်ကောင်စီတပ်သားများဟာ ရခိုင့်တပ်တော်ထိုးစစ်ကိုရင်မဆိုင်ရဲခြင်း စစ်ကူစောင့်ပေမယ့် ရောက်မလာခြင်းတို့ကြောင့် ခုတော့ စကခ ၅ နှင့် ခမရ ၅၄၄ ၊ ၃၄၆ တပ်ရင်းများဆီသို့ ဆုတ်ခွါပူးပေါင်းနေတာ ဖြစ်ပါတယ်။ “ တပ်မ စကခ ၅ နဲ့ ခမရ ၅၄၄ ၊ ခမရ ၃၄၆ တို့ဆိုတာက ကပ်လျှက်ပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ထဲမှာ မရှိသလောက်ဖြစ်သွားပါပြီ။ အားလုံး တပ်မထဲမှာ စုပြုံပြီး AA ရဲ့ ထိုးစစ်တွေကို ခုခံနေပါတယ်” လို့ ဒေသခံတဦးက ပြောပြပါတယ်။
လက်ကျန်ခုခံနေဆဲတပ်တွေဟာ တောင်ကုတ်ထဲမှာပိတ်မိနေတာမျိုးဖြစ်ကြောင်း၊ စစ်ကူရိက္ခာမရောက်လာခြင်း၊ ထွက်ပြေးစရာပြေးပေါက်မရှိခြင်းတို့ကြောင့် လက်နက်ချအညံ့ခံရုံမှတပါး အခြားနည်းလမ်းမရှိတော့ကြောင်း “ ဒေသခံသတင်းရင်းမြစ်တွေအရ သိရပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်အများအပြားမီးလောင်ထားရသလို သိမ်တောင်ရပ်ကွက်မှာဆိုရင် နေအိမ်မရှိတော့သလောက်ပင်ဖြစ်ကြောင်း သတင်းများက ဆိုပါတယ်။ ကနဦးမှာတော့ တောင်ကုတ်မြို့တွင်း ပိတ်မိနေတဲ့ အရပ်သားဦးရေ ၆ သောင်းခန့်ရှိနေခဲ့ပါတယ်။ ခုတော့ သူတို့ဟာ AA ရဲ့ခွင့်ပြုချက်နဲ့ မြို့ထဲကနေ ထွက်ခွါနိုင်ခဲ့ပြီလို့ သိရပါတယ်။ တောင်ကုတ်မြို့တွင်းမှာ ခုခံဖို့ သို့မဟုတ် အသေခံဖို့ သို့မဟုတ် လက်နက်ချအညံ့ခံဖို့ ကျန်ရှိနေတဲ့ စစ်ကောင်စီနဲ့ တပ်မိသားစုဝင်အရေအတွက်ဟာ ၅၀၀ ခန့်ဖြစ်တယ်လို့ နီးစပ်သူတွေက ခန့်မှန်းထားကြပါတယ်။ အာရက္ခတပ်တော် သတင်းနှင့်ပြန်ကြားရေးကတော့ တိုက်ပွဲအပြီးသတ်မြို့သိမ်းမှသာ သတင်းထုတ်ပြန်လေ့ရှိတာပါ။ နောက်ဆုံးသတင်းအနေနဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ ရက်စွဲနဲ့ သတင်းကိုတွေ့ရပြီး အာရက္ခရေပိုင်နက်အတွင်းသို့ ဝင်ရောက် ငါးခိုးဖမ်းခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀) ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထံ လွှဲပြောင်းခဲ့တဲ့ သတင်းကို တွေ့ရပါတယ်။ စစ်ကောင်စီနဲ့ တရုတ်တို့ရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းအပါအဝင် တန်ဖိုးကြီးမားသောစီမံကိန်းများရှိရာ ရခိုင်ပြည်နယ်တခုလုံးကို ရက္ခိုင့်တပ်တော်က ပြန်လည်သိမ်းယူမယ်လို့ စစ်ကြေငြာထားပြီးပါပြီ။ စစ်ကောင်စီဘက်ကတော့ ကုမ္ပဏီလုံခြုံရေးကို အကြောင်းပြကာ တရုတ်လုံခြုံရေးတပ်များရဲ့ အကူအညီကို ရယူဖို့ ပြည်ပအားကိုး ကြိုးစားနေရတဲ့ အချိန်အခါဖြစ်သည်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ