တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စစ်ဘေးဒဏ်ဆိုးရွားပြင်းထန်စွာခံစားနေရတဲ့ပြည်သူတွေကို ငဲ့ညှာပြီး တရုတ်အစိုးရရဲ့ ညှိနှိုင်းမှုကို ဆွေးနွေးဖို့ အသင့်ရှိကြောင်း TNLA ထုတ်ပြန်လိုက်ပါတယ်။TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စစ်ကောင်စီက လေကြောင်း စစ်ဆင်ရေးအပါအဝင် ပြင်းထန်တဲ့တိုက်ပွဲများကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရတဲ့ ဒေသခံပြည်သူတွေရဲ့ အကျိူးကို ငဲ့ညှာထောက်ထားတဲ့အပြင် နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ တိုက်ပွဲရပ်စဲရေးကြားဝင်ကြိုးပမ်းနေတဲ့ တရုတ်နိုင်ငံအစိုးရကို လေးစားအသိမှတ်ပြုလို့ နှစ်ဖက်စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း သဘောထားထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခများအဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေးအခြေအနေတည်ဆောင်ဖို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကြားတင်စေ့စပ်ကြိုးပမ်းဆောင်ရွက်နေမှုတွေကို TNLA က အပြုသဘောဆောင်ကောင်းကျိူးရှိတဲ့ အမြင်နဲ့ အမြဲပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းလျက်ရှိပြီး ကောင်းမွန်တဲ့ရလာဒ်များရရှိဖို့ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့နဲ့ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တအာင်းဒေသအတွင်းတိုက်ပွဲတွေ ပြင်းထန်လာတာဟာ နှစ်ပတ်လည်လာခဲ့ပြီး စစ်ကောင်စီတပ်တွေရဲ့ စခန်းများ၊ စစ်ကြောင်းမာျးကို မြို့ရွာနယ်မြေဒေသများမှာ ကင်းစင်အောင် ဖယ်ရှားတိုက်ထုတ်နိုင်ခဲ့ပေမယ့်လည်း စစ်ကောင်စီက ပြည်သူကို ဦးတည်ပစ်မှတ်ထားကာ လေကြောင်းကနေ ချေမှုန်းတိုက်ခိုက်နေတာကြောင့် ပြည်သူအပေါင်းစစ်ဘေးဒဏ်ပေါင်းစုံကို ဆိုးရွားပြင်းထန်စွာခံစားနေကြရတယ်လို TNLA က ပြောပါတယ်။
TNLA ဟာ တအာင်းလူမျိုးများအဖိနှိပ်ခံဘဝမှ လွတ်မြောက်ဖို့နဲ့ တအာင်းပြည်နယ် ရရှိဖို့အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တိုင်းရင်းသားမြန်မာပြည်သူတွေနဲ့ အတူတကွ တည်ဆောက်ဖို့ အမြဲကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ဒါကြောင့် စစ်ဘေးဒဏ် အလူးအလဲခံစားနေရတဲ့ ပြည်သူတွေကို ထောက်ထားညှာတာခြင်းနဲ့အတူ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အခွင့်အရေးကို ကိုင်စွဲထားပြီး ပြသနာအရပ်ရပ်ကို ဖြေရှင်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ TNLA က အသင့်ရှိကြောင်း သဘောထားထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဟာ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို “ရန်နိုင်မင်းစစ်ဆင်ရေး”အမည်ပေးကာ နေ့စဉ်နဲ့အမျှဗုံးကြဲသတ်ဖြတ်နေတာကြောင့် ရှမ်းမြောက်ဒေသမှာ သေဆုံးရတဲ့ပြည်သူ ရာနဲ့ချီရှိနေပြီး စစ်ကောင်စီဗုံးဒဏ်ကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်နေကြရဆဲဖြစ်ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ