ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန့်မြို့မှာ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းသား ၁၀၀၀ ကျော်ဖမ်းမိထားပြီး အဲ့ဒီအနက်က ၇၆၂ ယောက်ဟာ တရုတ်များဖြစ်ကာ ဒီလူတွေကို မနေ့က တရုတ်ထံလွှဲပြောင်းပေးလိုက်ပြီလို့ သိရပါတယ်။ နောက်ထပ်ကျန်နေသေးတဲ့ ၃၀၀ ခန့်ဟာ မြန်မာလူမျိုးတွေဖြစ်ကြပြီး ဆက်လက်စစ်ဆေးဦးမယ်လို့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောပါတယ်။
အခုလို တရားခံတွေ ပြန်လွှဲပေးလိုက်ရာမှာ စတားလင့်ခ် အင်တာနက်ဂြိုလ်တုဆက်သွယ်ရေးစက် ၇၆ လုံးအပါအဝင် ဖုန်း ၁၅၄၉ လုံး၊ ကွန်ပြူတာ ၈၂ လုံးတို့ကိုလည်း သက်သေခံပစ္စည်းများအနေနဲ့ တရားခံတွေနှင့်တကွ တရုတ်ကို ပေးအပ်လိုက်ကြပါတယ်။ ဝတပ်ဖွဲ့ဟာ ခုလိုပဲ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းကလည်း ကျားဖြန့်ဂိုဏ်း တရုတ်နိုင်ငံသား ၁၂၀၀ ကျော်ကို တရုတ်ထံ လွှဲပြောင်းခဲ့ပါသေးတယ်။
အခုတကြိမ်နောက်ထပ် တရားခံလွှဲပြောင်းမှုကိုတော့ မိုင်းမောခရိုင် ပန်ဝိုင်မြို့နယ်ရှိ ဒီယုံးဟော့ နယ်ခြားဂိတ်၌ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ UWSA ခေါ် ဝ တပ်ဖွဲ့ဟာ မြောက်ပိုင်းစစ်ဆင်ရေးတွေ ပြင်းထန်နေချိန်မှာ တန့်ယန်းမြို့ကို စစ်မီးမကူးရန်အကြောင်းပြချက်နဲ့ ဝင်ရောက်နေရာယူခဲ့ကြပါတယ်။ ကျားဖြန့်ခေါင်းဆောင်အဖြစ် ပေါက်အိုက်ပန်နဲ့ ရှောက်ရန်ပန် ဆိုသူ ၂ဦးကို ဖမ်းမိဖို့သတင်းပေးရင် ဆုငွေ ယွမ် ၁ သိန်းကနေ ၅ သိန်းကြားပေးမယ်လို့ တရုတ်က ထုတ်ပြန်ခဲ့ပေမယ့် ခုထိတော့ ဖမ်းဆီးမိခြင်းလွှဲပြောင်းခြင်း သတင်းတွေ မထွက်ပေါ်ခဲ့ပါဘူး။
အဆိုပါ တရုတ်နိုင်ငံကအလိုရှိသူ နှစ်ဦးဟာလည်း ဝ တပ်ဖွဲ့ရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ တရုတ်ရဲ့ စစ်ကောင်စီအပေါ်ပြတ်သားတဲ့ရပ်တည်ချက်တွေ ထင်ရှားလာချိန်မှာပဲ အင်အားကြီးတော်လှန်ရေးတပ်တခုဖြစ်တဲ့ UWSA က ခုလိုတရုတ်အကြိုက် တရားခံတွေ ပို့လိုက်တာပါ။ နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားတပ်မတော်များ စစ်ကောင်စီကို ပြတ်ပြတ်သားသားတိုက်နေပေမယ့် ဝ တပ်ဖွဲ့ကတော့ ကြားနေပုံစံနဲ့သာ ရပ်တည်နေတာ တွေ့ရပါသည်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ