စစ်ကောင်စီက နယ်မြေတွေ ပြန်သိမ်းဖို့ အစွမ်းကုန်ကြိုးစားနေချိန်ဖြစ်ပါတယ်။ တိုင်းစစ်ဌာနချုပ်နယ်မြေကြီးတွေကို တရုတ်အားကိုးနဲ့ ပြန်ရဖို့ကြိုးစားသလို အညာဒေသတွေကို စစ်ကြောင်းလေကြောင်း မီးရှို့ပါတယ်။ PDF တွေထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းအနီးကျေးရွာတွေမှာလည်း တိုက်ပွဲတွေပြန်လည်ပြင်းထန်နေကြပါတယ်။ အထိနာတဲ့စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုတွေလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း ဝက်လက်သတင်းကွန်ရက်ထံမှ သိရပါတယ်။ မတ္တရာအထွက်က ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးစဉ်မှာ မြစ်ကမ်းအနီးက တပ်အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်တာ ဖြစ်ပါတယ်။ မနေ့က နိုဝင်ဘာ ၁၇ ရက်မှာ စစ်ကောင်စီရဲ့ မြစ်ကမ်းအနီးက ငယ်တိုးကျေးရွာစခန်းကို PDF တွေဝင်တိုက်ရာမှ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ “စခန်းကိုတော့ မရလိုက်ပေမယ့် ကိုယ့်ဘက်က ရလဒ်ကောင်းတွေထွက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုမှာလည်း အထိအခိုက်မရှိဘူး” လို့ တော်လှန်တပ်ဖွဲ့ဘက်က ဆိုပါတယ်။ မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီလေကြောင်းအပြင် ဧရာဝတီမြစ် ရေကြောင်းကနေ စစ်သင်္ဘော ၂ စီး၊ တိုက်ခိုက်ရေးယာဥ် ၂ စီးလည်း စစ်ကူခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီနေ့ နိုဝင်ဘာ ၁၈ မနက်မှာလည်း စစ်ကောင်စီတပ်ဟာ မတ္တရာမြို့ပေါ်မှနေပြီး ဟောင်ဝစ်ဇာတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
အခုလို မတ္တရာမြို့နယ်ကိုစစ်ကောင်စီက ထိုးစစ်ဆင်နေပြီး မတ္တရာမြို့ရဲ့အနောက်မြောက်ခြမ်းဖြစ်တဲ့ တုံကုန်း၊ ဝန်စု၊ မြွေထိန်ပင်၊ ထိန်ပင်စောက်ကျေးရွာတွေကို ဒီလထဲမှာသိမ်းယူသွားပြီး မြွေထိန်ပင်ရွာမှာတော့ လက်နက်ကြီးအထိုင်ချပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့ကစလို့ မတ္တရာမြို့နယ်တွင်းကို စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ခုလိုပဲတော်လှန်တပ်များနဲ့ ထိတွေ့တိုက်ပွဲ ပြင်းထန်နေကြတာပါ။ လက်နက်အင်အားသာလွန်တာကြောင့် မြေပြင်စစ်ကြောင်းမထိုးမီ လက်နက်ကြီးတွေ ပစ်လေ့ရှိပြီး အောက်တိုဘာ ၂၁ ရက်နေ့ကနေ နိုဝင်ဘာ ၃ ရက်နေ့တွင်း ပြည်သူ ၆ ဦးထိခိုက်သေဆုံးသွားပါတယ်။ ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းများတူးထားပြီး အကာအကွယ်များအောက်တွင် နေထိုင်ကြပါရန် တော်လှန်ရေးတပ်ဖွဲ့ဘက်က သတိပေးထားပါသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ