Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 25, 2025

စစ်ကိုင်းမကွေးစတဲ့ အညာဒေသအပြင် တအန်းတပ်မတော်ထိန်းချုပ်ရာ ဒေသတွေလည်း စစ်ကောင်စီရဲ့လေကြောင်းဗုံးဒဏ်ခံနေရပါတယ်

စစ်ကိုင်းတိုင်း ရေဦးတန့်ဆည်ဘက်ကရွာတွေကို စစ်ကောင်စီနှင့်အတူ လက်အောက်ခံပျူအမည်ခံတပ်တွေ ပူးပေါင်းပြီး စစ်ကြောင်းထိုးမီးရှို့နေကြပါတယ်။ ရေဦးမြောက်ခြမ်းက ရွာဗုကြီးနှင့် ဆီဆုံရွာမှာတပ်စွဲတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ရွာဗုကြီးရွာ၊ ကြို့ထိမ်းရွာ၊ ကလဇင်ရွာ၊ မုံတိုင်ပင်ရွာနှင့် ဆီဆုံရွာတို့ကို ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေကြတာ ဖြစ်ပါတယ်။ မနေ့ကညပိုင်းကလည်း အင်အား ၅၀ ခန့် စစ်ကြောင်းတခုဟာ လက်ဆည်ရွာနှင့် ခပေါင်းကြိုင်ရွာကို ဝင်လာပြီး မီးရှို့ဖျက်ဆီးသွားတာ တွေ့ရပါတယ်။ ကန့်ဘလူဘက်ကရွာတွေကို မီးရှို့ခဲ့တာဟာလည်း အခုစစ်ကြောင်းအုပ်စုပဲ ဖြစ်ကြောင်း ခုဆိုရင် ရေဦးမှာမီးရှို့ခံရွာပေါင်း ၁၄၀ ကျော်ပြီလို့ ရေဦးသတင်းရင်းမြစ် ထူးခန့်ဇော်က ပြောပါတယ်။ခင်ဦးမြို့ပေါ်မှာတော့ နိုဝင်ဘာ ၁၄ ရက် ည ၁၀ နာရီခန့်က စစ်ကောင်စီတပ်သားတွေပစ်လို့ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးအနက် တဦးသေဆုံးသွားပါတယ်။ အဆိုပါလူငယ်နှစ်ဦးဟာ ခင်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ရွှေကျောင်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်က ပစ်လို့ တဦးသေပြီး တဦးလွတ်မြောက်ကြောင်း ဒေသခံတွေထံမှ သိရပါတယ်။ အသက်သေဆုံးခဲ့သူဟာ အသက် ၂၀ အရွယ် ဖိုးပြည့်စုံ(ခ)ဗုဒေါ ဆိုသူဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့မှာ အမျိုးသားတွေကို ဆိုင်ကယ်နှစ်ယောက်မစီးဖို့ သတိပေးပြီး ဆိုင်ကယ်စီးလူငယ်တွေဟာ ခုလိုပဲ မကြာခဏ ပစ်ခတ်အကြမ်းဖက်ခံနေရတာလည်း ဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာတော့ မနေ့ကစစ်ကောင်စီဗုံးကြဲချရာမှာ ပြည်သူ ၁ ဦးထိခိုက်သေဆုံးပြီး ပျက်စီးဆုံးရှုံးမှုများခဲ့ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီ ၄ မိနစ်အချိန် နေပြည်တော်အေလာလေတပ်စခန်းမှ တိုက်လေယာဉ်သည် နောင်ချိုမြို့နယ်၊ လုံစံကျေးရွာပေါ်သို့ ဗုံးများကျဲချခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ မိုးဗြဲအနောက်ဘက်ရွာတရွာလည်း စစ်ကောင်စီဗုံးဒဏ်ထိပြီး ပြည်သူနေအိမ်သုံးလုံး ပျက်စီးခဲ့ပါသေးတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ မနက် ၁၁ နာရီခွဲမှာတော့ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ကို အကြမ်းဖက် စစ်တပ်က ပေါင် ၃၀၀ ဗုံးကြဲပါတယ်။ ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်ပေါင်း ၁၅ လုံးထက်မနည်း ပျက်စီးခဲ့ပါတယ်။ မိုင်းငေါ့ဟာဆိုရင် TNLA ထိန်းချုပ်ပြီးတဲ့နောက် ပထမဆုံး အခုလို ဗုံးကြဲတိုက်ခိုက် ခံလိုက်ရတာလည်း ဖြစ်ပါတယ်။ ဒုဌဝတီတံတားနှင့် ကျောက်ဂူလမ်းမှာ ရှိတဲ့ အကြမ်းဖက် စစ်တပ်က ၁၂၂ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်လို့ သရက်ချိုရွာကိုကျရောက်ပေါက်ကွဲပြီး ဒေသခံနှစ်ဦးထိခိုက်ဒဏ်ရာ ရသွားပါတယ်။ TNLA ကလည်း ပြည်သူတွေ သတိနဲ့နေပြီး လူစုလူဝေးတွေ မလုပ်ကြဖို့ သတိပေးထားကြောင်း သိရပါတယ်။

ခုလို TNLA နယ်မြေတွေကို မြေပြင်မှာစစ်ရှုံးတဲ့ကောင်စီက လေကြောင်းအကြမ်းဖက်နေစဉ် တောင်ခမ်းကျေးရွာမှာတော့ စစ်ကောင်စီနှင့် တအန်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေကြပါတယ်။ မနေ့က နှစ်ဖက်တပ်တွေ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်မှာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူတွေ သေဆုံးနေတယ်လို့ နိုဝင်ဘာ ၁၆ ရက်စွဲနဲ့ TNLA က အသိပေးပါတယ်။ တောင်ခမ်းအခြေစိုက် အမြောက်တပ်စခန်းကွပ်ကဲမှုဌာနချုပ်-၉၀၂ နဲ့ အမြောက်တပ်- ၃၅၄ မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ သေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့လူတွေဟာ တပ်မ(၁၁) ခြေမြန်တပ်ရင်း (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနှဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်းသိရကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိထားကြောင်း ထုတ်ပြန်ခဲ့ကြတာတွေ့ရပါတယ်။

နောင်ချိုကို ပြီးခဲ့တဲ့ ဇူလိုင်ကတည်းက TNLA ကထိန်းချုပ်ထားနိုင်ပေမယ့် တောင်ခမ်းကိုတော့ နှစ်ဖက်တပ်တွေ ထိန်းချုပ်ဖို့ကြိုးစားဆဲ ဖြစ်ပါတယ်။ တောင်ခမ်းနယ်မြေမှာ တိုက်ပွဲပြင်းထန်နေတာ ၃ လကျော်လာပြီး စစ်ကောင်စီဘက်ကတော့ TNLA တပ်ဖွဲ့တွေအပေါ် ဆက်တိုက်ဖိအားပေးလာနေသလို တိုင်းရင်းသားပြည်သူတွေကိုလည်း ဗုံးကြဲသတ်ဖြတ်ဖို့ နေ့စဉ်ကြိုးစားနေတာ တင်ပြလိုက်ရပါသည်။

You may have missed