Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 15, 2025

စစ်ရှုံးကောင်စီရဲ့လေကြောင်းဗုံးကြဲမှုတွေ ဆိုးသထက်ဆိုးလာနေပြီး မိုးကုတ်မြို့နှင့် နောင်ချိုမြို့များမှာ ပြည်သူ ၂၀ ဦးစီ သေဆုံးသွားပါတယ်

စစ်ရှုံးကောင်စီဉက္ကဌ မင်းအောင်လှိုင် တရုတ်ခရီးစဉ်မှ ပြန်လာလာချင်းမှာပဲ စစ်ကောင်စီလေတပ်က မိုးကုတ်ကိုဗုံးကြဲလို့ ပြည်သူအမြောက်အမြားသေဆုံးခဲ့ရပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့ ညပိုင်းမှာ မိုးကုတ်မြို့လယ်ဦးရပ်ကွက်၊ လူးထရပ်ကွက်နှင့် မြို့ဦးရပ်ကွက်တို့ကို ဗုံးကြဲမှုကြောင့် ပြည်သူစုစုပေါင်း ၂၀ ဦး သေဆုံး၊ ၁၃ ဦးဒဏ်ရာရကြောင်း TNLA က အတည်ပြုထုတ်ပြန်ထားပါတယ်။ TNLA PDF တပ်တွေက ဇူလိုင်လ ၂၄ ရက်နေ့ကတည်းက သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အခုလိုဗုံးကြဲချပြီး ကြိုးစားနေရတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ လန်းဆန်းလက်ဖက်ရည်ဆိုင်ကိုလည်း နိုဝင်ဘာ ၁၂ ရက်နေ့ ဒီနေ့မှာပဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၀ခန့်သေဆုံးခဲ့ရပြီး ဒဏ်ရာရသူများပြားကြောင်း နောင်ချိုမြို့နေ PDF ရဲဘော်တဦးထံမှ သိရပါတယ်။ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လက်ဖက်ရည်ဆိုင်ကိုကျရောက်ပြီး ထိုင်နေသူများ၊ ခရီးသည်ကားများ ဗုံးထိမှန်ခဲ့ပြီး သေဆုံးသူ ပြည်သူ တွေ များပြားခဲ့ပါတယ်။ “လန်းဆန်းဆိုင်ကတော့ မြေကွက်လပ်ပဲကျန်ပြီး ဆိုင်ရှင်အစ်မတစ်ယောက်ပဲရှင်နိုင်ကြောင်း။ ပိုင်ရှင်ဦးလေးလည်းပါသွားကာ ရုပ်အလောင်း ၁၁ လောင်းရထားတယ်လို့ သတင်းရင်းမြစ်တခုက ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တွင်းမှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာပါတယ်။ စစ်ကိုင်းတိုင်းမှာပုလဲ၊ မကွေးတိုင်းမှာ ပွင့်ဖြူမြို့နယ်၊ ရခိုင်ပြည်နယ်မှာ အမ်းမြို့နယ်နဲ့ ချင်းပြည်နယ်မှာ မင်းတပ်စတဲ့မြို့နယ်တွေဟာ လေကြောင်းဗုံးကြဲမှုဒဏ်ကို အကြီးအကျယ်ခံနေရတာပါ။စစ်ကိုင်းတိုင်း ပုလဲမြို့ရှိ လျှပ်စစ်ရုံး ဝန်ထမ်းအိမ်ယာနှင့် ထွေအုပ်ရုံး ဝန်ထမ်းအိမ်ယာတို့ကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ဗုံးကြဲရာ မြို့နယ်လျှပ်စစ်မှူးနှင့် ထွေအုပ်စာရေး ဇနီးတို့ သေဆုံးပြီး မိသားစုဝင်များ ဒဏ်ရာပြင်းထန်စွာရရှိကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁၁)က သတင်းထုတ်ပြန်ထားပါတယ်။ ပုလဲမြို့မှာ တိုက်ပွဲပြင်းထန်နေလို့ လေကြောင်းပစ်ကူပေးရာမှာ ရဲစခန်းအရှေ့မြောက်ဖက်ရှိ မြို့နယ်လျှပ်စစ်ရုံး ဝန်ထမ်းအိမ်ယာပေါ်သို့ ပေါင်(၅၀၀)ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ မြို့နယ်လျှပ်စစ်မှူး ဦးကျော်ဆန်း သေဆုံးကာ ၎င်း၏ဇနီးမှာ စိုးရိမ်ရသည့် ဒဏ်ရာရရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ရဲစခန်းအနောက်ဖက် သုံးထပ်ဝန်ထမ်းအိမ်ယာတွင် နေထိုင်သော ထွေအုပ်စာရေး ကိုဇင်မောင် ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ၄င်း၏ ဇနီး မမျိုးဦးနှင့် သားဖြစ်သူတို့မှာ သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီက သူ့လူချင်းချင်း မှားကြဲတာလား တမင်ကြဲတာလားမသိရကြောင်း၊ ရဲစခန်းနဲ့ ထွေအုပ်အိမ်ယာတွေပေါ် ဗုံးကျတာဖြစ်ကြောင်းနဲ့ တိုက်ပွဲကိုရပ်နားပြီး ပြည်သူတွေ စစ်ရှောင်နေရတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ က ဆိုပါတယ်။ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် “ဒေသခံတွေကို မြို့ထဲအထိဝင်ပြီး ကားနဲ့ကယ်ထုတ်ခဲ့ရကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၁၁)မှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။ ပုလဲမြို့ကို BNRA တပ်များနှင့်အတူ ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၁ ရက်နေ့က ဝင်ရောက်တိုက်ခိုက်နေတာလို့သိရပြီး စစ်ရှောင်တွေကို တော်လှန်ရေးတပ်တွေက ကူညီပေးနေကြပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်မှာလည်း နိုဝင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီဗုံးကြဲရာမှာ သံတွဲမြို့ အံတော် တံတားဦးအနီးမှာရှိတဲ့ စားသောက်ဆိုင်၊ ငါးအအေးခံစက်ရုံနဲ့ တောင်ကုတ်ကားဂိတ် စတဲ့ နေရာသုံးခုကို ဗုံးကျရောက်ခဲ့ပါတယ်။ အမျိုးသမီးနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ သေဆုံးသွားသူတွေဟာ အသက် ၃၀ ကျော်အရွယ်ရှိကြတဲ့ မစုစုလှိုင်နဲ့ မဝိုင်းစိန်မတို့ ဖြစ်ကြပါတယ်။ ဒါတွေကတော့ စစ်ရှုံးကောင်စီရဲ့ အကြမ်းဖက် လေကြောင်းဗုံးကြဲမှုသတင်းတွေ ဖြစ်ပြီး တရုတ်ရဲ့ထောက်ခံမှုကိုရပြီးနောက် ပိုမိုဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေပဲ ဖြစ်ပါသည်။

You may have missed