ဇန်နဝါရီ ၂၈၊ VOR
ကရင်နီပြည် ရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင်စတင်ခဲ့သည့် (၁၁.၁၁) စစ်ဆင်ရေးအတွင်း ဒေသတော်တော်များများကို နယ်မြေစိုးမိုးထားနိုင်ပြီး စစ်ရှိန်မြင့်တက်လျက်ရှိကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
လွိုင်ကော်၊ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့များရှိ စစ်ကောင်စီတပ်စခန်း(၂၀)အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ၊ လွိုင်ကော်အခြေစိုက် ဒကစ အား ဝိုင်းရံ ခြိန်းခြောက် တိုက်ခိုက် နိုင်ခဲ့သည်ဟု သိရသည်။
ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ လွိုင်ကော်မြို့အားဝိုင်းရံပိတ်ဆို့ကာ စစ်ဆင်ရေးများဆင်နွယ်လျက်ရှိပြီး မြို့ဧရိယာ သုံးပုံ နှစ်ပုံကျော်အား စိုးမိုးထားနိုင်ပြီဟု ဆိုသည်။
လွိုင်ကော်မြို့နယ် အခြေစိုက်တပ်ရင်းများတွင် စစ်ကောင်စီတပ်များ ဆက်လျက် တပ်ဆွဲ ထားနိုင်သော်လည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ထောက်ပို့လမ်းကြောင်း ပြတ်တောက်သွားပြီး လေကြောင်း ကိုသာ အားကိုးအားထားပြုရသည့် အခြေအနေဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့တို့တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ စစ်ဆင်ရေးဆင်နွဲ တိုက်ခိုက်ခဲ့ပြီးနောက် မြို့တွင်းနှင့် မြို့အဝင်၊ အထွက်တို့ကို စိုးမိုးနိုင်ခဲ့ပြီး ဖယ်ခုံနှင့်မိုးဗြဲမြို့တို့မှ စစ်ကောင်စီတပ်များမှာမြို့ကို ထိန်းချုပ် နိုင်စွမ်းမရှိတော့ဘဲ ၄င်းတို့၏ တပ်ရင်းထဲတွင်သာ ခိုအောင်းတပ်စွဲနိုင်ပါတော့သည်ဟု ဆိုသည်။
ထို့အပြင် ၂၀၂၄ခုနှစ် ဇန်နဝါရီလအတွင်း ဖယ်ခုံမြို့အခြေစိုက် စကခ(၇) ၏ ကာကင်းစခန်းများဖြစ်သည့် လွယ်ပတ္တာ၊ကုန်းဆုံစသော ကာကင်းကုန်းစခန်းများ အားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
၂၀၂၄ခုနှစ် ဇန်နဝါရီလ တတိယအပတ်တွင် ဘောလခဲမြို့နယ်ရှိ ရွာသစ်မြို့နှင့်ဘောလခဲမြို့ အကြားရှိ (၁၂) မိုင်ကုန်း စစ်ကောင်စီ တပ်စခန်းအား ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်၍ရှင်းလင်းရေးလုပ်ဆောင်နေပြီး ရွာသစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ် နိုင်ခဲ့သည်ဟုဆိုသည်။
ထို့အတူရှားတောမြို့အတွင်းရှိ စစ်ကောင်စီကင်းစခန်းများ အားလုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီး မြို့လယ်ဘုရားကုန်းပေါ်တွင် ကျန်ရှိတပ်စွဲ နေသော လက်တစ်ဆုတ်စာ စစ်ကောင်စီတပ်သားများကို ရှင်းလင်း တိုက်ခိုက် လျက်ရှိသည်ဟု သိရသည်။
ဖားဆောင်းမြို့နယ် မော်ချီးဒေသ အခြေစိုက် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ စခန်းကုန်များအားလုံးမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် တိုက်ပွဲတစ်စုံတရာဖြစ်ပွားခြင်းမရှိဘဲ ၄င်းတို့၏ တပ်စွဲရာနေရာများ၊စခန်းများအားလုံးကို စွန့်ပစ် ဆုတ်ခွာထွက်ပြေး သွားခဲ့သဖြင့် မော်ချီးဒေသ တစ်ခုလုံးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်စိုးမိုးနိုင်ခဲ့သည်ဟု သိရသည်။
၂၀၂၃ခုနှစ်အကုန်တွင် မယ်စဲ့မြို့နယ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကရင်နီပြည် ရှိ မြို့နယ်အသီးသီးတွင် စစ်ရှိန်မြင့်တက်နေသည့်အပြင် ရှမ်း-ကယားနယ်စပ် ဆီဆိုင်မြို့နယ်အထိပါ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟု သိရသည်။
ထို့အပြင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ မြေပြင်တွင် အသာစီးရနေသဖြင့် စစ်ကောင်စီတပ်မှ လေကြောင်းကိုသာ အားထား တိုက်ခိုက်နေရ သောကြောင့် ပြည်သူများလှုံခြုံရေးသတိရှိကြပါရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။










More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်