ဇန်နဝါရီ ၁၄၊ VOR
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် အခြေစိုက် စစ်ကောင်စီ ၁၄၄ စခန်းကုန်းနှင့် ၃၈၀ တပ်ရင်းများကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံက သိရသည်။
မင်ပြား အခြေစိုက် သင်္ချိုင်းတောင်တန်းကုန်း၊ င/စရိုင်းချောင်းတောင်တန်းများ၊ ၁၄၄ စခန်းကုန်း၊ ၅၄၁ တပ်ရင်း၊ ၃၇၉ တပ်ရင်း၊ ၃၈၀ တပ်ရင်းများကို ရက္ခိုင့်တပ်တော် AA က တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က စခန်းကုန်းများ မကျဆုံးစေရေး အသည်းအသန် ခုခံကာကွယ်နေရကာ လေကြောင်းဖြင့် ပစ်ကူပေးနေသည်ဟု ဆိုသည်။
ထို့ပြင် မင်းပြားမြို့ သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဖက်မှ အကျအဆုံးများနေပြီး လတ်တလော ရရှိသော စာရင်းများအရ ခလရ (၆၁) မှ ဗိုလ်မှူး ကိုကိုဦးနှင့် တပ်ကြပ် ၃ ဦးတို့ သေဆုံးသွားခဲ့ကြောင်း နိရဉ္စရာသတင်းဌာနက ဖော်ပြထားသည်။
သေဆုံးသွားသူများမှာ ခလရ (၆၁) မှ ဗိုလ်မှူး ကိုကိုဦး (ကိုယ်ပိုင်အမှတ် – ကြည်း ၄၀၃၂၃) ၊ ခမရ (၆၁)မှ တပ်ကြပ် ကျော်နိုင် (ကိုယ်ပိုင်အမှတ် – က ၃၂၇၈၈၃) ခမရ (၅၃၆) မှ တပ်ကြပ် ဇော်မင်းထွန်း (ကိုယ်ပိုင်အမှတ် – တ ၅၁၄၀၂၉) နှင့် ခလရ (၆၁) မှ တပ်ကြပ်မြင့်ဆွေ (ကိုယ်ပိုင်အမှတ် – တ ၄၂၉၃၂၃) တို့ဖြစ်ကြောင်းသိရသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့ ဒီကနေ့ မနက် ၆ နာရီကျော်ခန့်က စတင်ကာ တိုက်ပွဲများ ပြင်းထန်နေပြီး ညနေ (၈) နာရီကျော်အချိန်ခန့်၌ စစ်ကောင်စီ Y12 လေယာဉ်မှ မင်းပြားမြို့အား ဦးတည်ပစ်မှတ်ထား၍ လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ မင်းပြားမြို့နယ်၊ အောက်ရွာပိုင်းတွင် ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ် (၁၁) လုံးထက်မနည်း မီးဟုန်းဟုန်းတောက်လောင်ပြာကျခဲ့ရသည်ဟု ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ရက္ခိုင့်တပ်တော် AA က ၁၄၄ စခန်းကုန်းနှင့် ၃၈၀ တပ်ရင်းတို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်အရ သိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်