ဇန်နဝါရီ ၁၂၊ VOR
ရန်ကုန်၊ မန္တလေး၊ လားရှိုးနှင့် မော်လမြိုင်မြို့များတွင် စစ်ကောင်စီက တပ်ထောက်ခံသူများနှင့် ၎င်းတို့လက်အောက်ခံဝန်ထမ်းများကို အတင်းအဓမ္မ ခေါ်ဆောင်ပြီး ဆန္ဒပြခိုင်းနေကြောင်း သိရသည်။
ကန့်တပ်- MNDAA ယူနီဖောင်ဝတ်ဆင်ထားသည့် တပ်သားတစ်ဦးမှ စေတီတစ်ဆူကို တူဖြင့်ထုခဲ့သည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒပြခိုင်းခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီ၏စေခိုင်းချက်အရ ဇန်နဝါရီ ၁၀ရက်နှင့် ၁၁ရက်နေ့များတွင် မြို့ကြီးအချို့၌ယခုလို ဘာသာရေးလှုံ့ဆော်မှုများလုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
“ဘာသာသာသနာကို တကယ်ဖျက်ဆီးနေတာဟာ လက်ရှိစစ်တပ်ပါ အရင်တုန်းကလဲ ဘာသာရေးကိုအသုံးချခဲ့ပြီးပြီ သူတို့ဘယ်လောက်ပဲအသုံးချချ ဦးဇင်းတို့ပြည်သူတွေကလဲ အကုန်လုံးနားလည်ကုန်ပြီ”ဟု ယခုကိစ္စနှင့်ပတ်သတ်ပြီး ဆရာတော်ဦးဃောသိတသာရ (မှော်ဘီ ) ရွှေဝါရောင်ဆရာတော်က မီဒီယာကို မိန့်ကြားခဲ့သည်။
“ဘုရားစေတီတွေ တပ်စွဲတာလဲသူတို့ပဲ ဘုရားကျောင်းကန်တွေ လက်နက်ကြီးပစ်တာလဲ သူတို့ပဲ ယတြာတွေဘယ်လောက်ချေချေ သူတို့လုပ်ခဲ့တဲ့ မကောင်းမှုကံက အကျိုးပေးမှာပါပဲ”ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
MNDAA တပ်သားတစ်ဦး စေတီတော်တစ်ဆူကို တူဖြင့်ထုနေသည့် ရုပ်ပုံများထွက်ပေါ်ခဲ့ခြင်းအပေါ် ဗုဒ္ဓဘာသာဝင်များကို တောင်းပန်ကြောင်း သက်ဆိုင်ရာတာဝန်ခံကို အရေးယူအပြစ်ပေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း MNDAA စစ်သည်များကို ဘာသာရေးလွတ်လပ်မှုကို လေးစားရန်နှင့် ဘာသာရေးအဆောက်အအုံများကို အလေးထားကာကွယ်ရန်ညွှန်ကြားထားပြီးဖြစ်ကြောင်း MNDAA က ဇန်နဝါရီ ၉ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
” စစ်အာဏာရှင်က စေတီတွေလည်း ဖျက်ဆီးတယ်၊ တခြားဘာသာရေးအဆောက်အဦးတွေ သူတို့ဖျက်ဆီးနေတာ အားလုံးတွေ့နေကြတာပဲ၊ သို့သော်လည်း သူတို့ဖျက်ဆီးခဲ့တဲ့အပေါ် တာဝန်ယူမှုနဲ့ ၊ ဖျက်ဆီးတဲ့သူတွေကို အရေးယူဖို့ ယနေ့ထက်ထိ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး “ဟု ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)က မြို့တော်ကို ဖြေကြားခဲ့သည်။
စစ်ကောင်စီက ယခင်နှစ်များစွာကတည်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံများကို နိုင်ငံရေး လူမျိုးရေး ဘာသာရေးသွေးခွဲ လှုံ့ဆော်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ – မဘသအဖွဲ့သည် ထင်ရှားသည်။
နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီက ရဟန်းသံဃာတော်များကို မတရားဖမ်းဆီးထောင်ချခဲ့သည့်အပြင် စစ်ကိုင်းတိုင်းရှိ စစ်ဘေးရှောင်များနေထိုင်ရာ ဘုန်းကြီးကျောင်းများအတွင်း စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ရဟန်းသံဃာတော်များလည်းရှိသည်။
ဓာတ်ပုံ-စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်ဆီးခဲ့ရသည့် နမ္မတူမြို့နယ်အပါအဝင် ရှမ်းမြောက်ဒေသရှိ ဘုရားစေတီများ






More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်