Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
May 24, 2026

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ တရုတ်နိုင်ငံကူမင်းမြို့တွင် တတိယအကြိမ် ထပ်မံတွေ့ဆုံ

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ တရုတ်နိုင်ငံကူမင်းမြို့တွင် တတိယအကြိမ် ထပ်မံတွေ့ဆုံ

ဇန်နဝါရီ ၁၂၊ VOR

တရုတ်နိုင်ငံ ကူမင်းမြို့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့တို့ဇန်နဝါရီ ၇ရက်မှ ၉ရက်နေ့အထိ တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် MNDAA တပ်ဖွဲ့ လက်နက်ချရန် စစ်ကောင်စီ တောင်းဆိုသဖြင့် ဆွေးနွေးပွဲပျက်ပြယ်သွားပြီဖြစ်ကြောင်း ဒေသမီဒီယာများက ဖော်ပြခဲ့သော်လည်း ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီဖြစ်ကြောင်း RFA က ယနေ့ သတင်းဖော်ပြလာသည်။

“စစ်ကောင်စီက ကိုးကန့်ဒေသအထူး၁ပေးမယ်လို့ပြောတယ် ဒါပေမယ့် ကိုးကန့်တပ်ကလက်နက်ချရမယ် စစ်ကောင်စီလက်အောက်မှာပဲနေခိုင်းတာ ဆွေးနွေးပွဲကပျက်သွားပြီ ဒါကြောင့် MNDAAအနေနဲ့ တင်းမာနေတယ်”ဟု စစ်ရေးသတင်းအရင်းမြစ်များမှ ကနဦးပြောဆိုခဲ့သည်။

ဆွေးနွေးပွဲမှ ယမန်နေ့က သဘောတူညီမှုရခဲ့ကြောင်း အဆိုပါ သဘောတူညီချက်သည် ဇန်နဝါရီလ ၁၁ ရက် ည ၁၀ နာရီတွင် လက်မှတ်ရေးထိုး အသက်ဝင်နေပြီဖြစ်ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူ တစ်ဦးကပြောကြားခဲ့သည်ဟု RFA ကဖော်ပြထားသည်။

ယာယီအပစ်ရပ်စဲခြင်းကို ရှမ်းမြောက်ဒေသတွင်သာ အကျုံးဝင်ပြီး ရခိုင်ဒေသမပါဝင်ကြောင်း RFA ကဖော်ပြသလို ဆွေးနွေးပွဲရလဒ်များ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းလည်း သတင်းများထွက်ပေါ်နေခဲ့သည်။

ဆွေးနွေးပွဲကို MNDAA မှ ဖုန်ခွန်း၊ ကျင်းရှင်နှင့်အဖွဲ့ဝင် ငါးဦး၊ ULA/AA ဘက်က ဒေါက်တာညိုထွန်းအောင်နှင့်အဖွဲ့ဝင် ခုနစ်ဦး၊ PSLF/TNLA ဘက်က ဗိုလ်မှူးချုပ် တာဘုန်းကျော်နဲ့ အဖွဲ့ဝင် ခုနစ်ဦး တက်ရောက်ခဲ့ကြပြီး စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့်အဖွဲ့ဝင် ငါးဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်နေ့မှ ၁၃ရက်နေ့အထိ တရုတ်နိုင်ငံတွင်ပထမဆုံးတွေ့ဆုံဆွေးနွေးခဲ့ပြီး ယာယီအပစ်အခတ်ရပ်စဲရေးအတွက်သဘောတူညီခဲ့သလို လူသားချင်းစာနာထောက်ထားမှုတို့ဖြင့်ညှိနှိုင်းခဲ့ကြသည်။

အဆိုပါညှိနှိုင်းမှုအပြီး ဒီဇင်ဘာလ (၁၈)ရက် ညပိုင်းတွင် စစ်ကောင်စီမှ ကိုးကန့်ခရိုင်၊ လောက်ကိုင်မြို့နယ်၊ လောက်ရှန်းထန်ဒေသကို တိုက်လေယဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီနှင့် MNDAA တို့တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့ရာ ဇန်နဝါရီ ၄ရက်နေ့တွင် ဒကစလောက်ကိုင်မှ နောက်ဆုံးတပ်များ လက်နက်ချပြီး ကိုးကန့်ဒေသတစ်ခုလုံးကို MNDAA က ထိန်းချုပ်နိုင်ခဲ့သည်။

အလားတူ ဒီဇင်ဘာ ၂၂ရက်နေ့မှ ၂၄ရက်နေ့အထိ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲအတွင်း စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ – ( NSPNC ) အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ မင်းနိုင်က တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့ရွာများ ဘယ်တော့မှမအေးချမ်းအောင် လေကြောင်းတိုက်ခိုက်သွားမည်ဟု ပြောဆိုကြောင်း တအာင်းတပ်မတော် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်က အသိပေးလိုက်သည်။

အဆိုပါဆွေးနွေးပွဲအပြီး TNLA က မြို့ ၃မြို့ကို ထပ်မံသိမ်းပိုက်ခဲ့ရာ လက်ရှိအချိန်ထိ မြို့ ၈မြို့အထိသိမ်းပိုက်နိုင်ခဲ့သည်။

ညီနောင် ၃ဖွဲ့ကမူ စစ်အာဏာရှင် အမြစ်မပြတ်သ၍ မြည်မာပြည်သူများနှင့်အတူ တစ်သွေးတည်းတစ်သားတည်း ရှိနေမည်ဖြစ်သည်ဟု ယနေ့ကျရောက်သည့် ၆၁နှစ်မြောက် တအာင်းတော်လှန်ရေးနေ့သဝဏ်လွှာတွင် ထပ်မံထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိတတိယအကြိမ်ဆွေးနွေးမှုအပြီး ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်ပြီး စစ်ဘေးရှောင် ၃၀၀၀နီးပါးရှိသည့် လားရှိုးမြို့နှင့် မန္တလေးမြို့တို့ထိ တိုက်ပွဲများ ပြန့်ကျဲသွားနိုင်ကြောင်းလည်း ပြည်သူများက သုံးသပ်နေကြသည်။

You may have missed