ဇန်နဝါရီ ၂၇၊ VOR
တောအူး(တောင်ငူ)ခရိုင်၊ တပ်မဟာ (၂) နယ်မြေအတွင်း ကျူးကျော်တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်း (၃)ခု လုံးက စစ်သားများ စွန့်ခွာထွက်ပြေးသွားကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တောင်ငူခရိုင်၊ တပ်မဟာ (၂) နယ်မြေအတွင်း ကျူးကျော် တပ်စွဲထားသည့် စစ်ကောင်စီတပ် စကခ (၂၀) လက်အောက်ရှိ ခမရ−၅၂၈ နှင့် ခမရ−၅၉၃ တပ်များ၏ ထီးတော်ပယ် (ထင်းရှူးတောင်) စခန်းသည် ဇန်နဝါရီ (၁၃) ရက်နေ့၊ ဘူဆာခီးစခန်းဟာ (၁၄) ရက်နေ့နှင့် သီးမူပေါ်စိုးစခန်းက (၁၅) ရက်နေ့တို့တွင် တပ်စွဲထားတဲ့ စခန်းများကို စစ်သားများ စွန့်ခွာပြီး ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
ထိုသို့ စခန်း ၃ခုလုံးမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်သွားသဖြင့် ဇန်နဝါရီ (၂၀) ရက်နေ့တွင် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၄) နှင့် တပ်မဟာအထူး တပ်ဖွဲ့တို့က နယ်မြေလုံခြုံရေးနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် မထိခိုက်စေရေးတို့အတွက် သွားရောက်ရှင်းလင်းခဲ့သည်ဟု ဆိုသည်။
ဘူဆာခီးစခန်းနဲ့ ထီးကော်ပယ်စခန်းတို့သည် ကော်သူးလေအတွင်း ၁၉၉၅ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့နဲ့ (၂၀) ရက်နေ့တို့တွင် ဝင်ရောက်ကျူးကျော်တပ်စွဲခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် အဆိုပါတပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းများကို စွန့်ခွာကာ ခလယ်လာရွာ(ဘောဂလိကြီး) ရွာဘက်သို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေး သွားကြောင်း ထုတ်ပြန်ချက်အရသိရသည်။
“ရိက္ခာဖြတ်တောက်ခံရလို့ ပြန်ဆင်းတာကတကြောင်းပေါ့ “၁၀၂၇” “၁၁၁၁” စစ်ဆင်ရေးတွေရဲ့ နောက်ဆက်တွဲနဲ့ တောင်ငူမြို့နားအထိ မိမိတို့ရဲ့တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ပွဲများ ပိုမိုဖော်ဆောင်လာနိုင်တဲ့အတွက် မြို့တွင်းနောက်တန်းစခန်းများမှာ အင်အားပြန်လည်စည်းရုံးတာလည်း ပါနိုင်တယ်”ဟု တောအူး ခရိုင်ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထီးထော်ပယ်စခန်းကတော့ တပ်မဟာ (၂) နဲ့ တပ်မဟာ (၅) နယ်စပ် တပ်မဟာ (၂) နယ်မြေမှာ တည်ရှိပြီး လအတန်အကြာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ရဲ့ ရိက္ခာ ဖြတ်တောက်ထားခံရသည့် တပ်စခန်းဖြစ်ကြောင်း သိရသည်။
ဘူဆာခီးစခန်းမှ လည်း စစ်ကောင်စီတပ်က ဗျူဟာမှူး နေသည့် နဗဟ−၂ စခန်း ဖြစ်ပြီး ယမန်နှစ် မေလတွင် ဘူဆာခီးစခန်းကို မြေပြင်လမ်းကြောင်းက ရိက္ခာပို့ဆောင်ရန် လာသည့် စစ်ကောင်စီတပ်များကို တပ်မဟာ (၂) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး ဗညားအောင် သေဆုံးခဲ့ပြီး မြေပြင်လမ်းကြောင်းက ရိက္ခာပို့ဆောင်လို့ မရတော့သောကြောင့် လေကြောင်းဖြင့်သာ ရိက္ခာပို့နေရသည့် စခန်းဖြစ်သည်။
ထို့ပြင် ၂၀၀၆ ခုနှစ်က ဘူဆာခီးဒေသတွင် ဘုရင့်နောင်တပ်မြို့ကဲ့သို့ တပ်နယ်တပ်မြို့ တည်ဆောက်နိုင်ရေး အတွက် တပ်မဟာ (၂) ကို မြန်မာစစ်တပ်က မြေလှန်စနစ် အသုံးပြုပြီး တိုက်ခိုက်ခဲ့ချိန်အတွင်း ဗိုလ်မှူးချုပ် ကောင်းမြတ်က (၆) လအတွင်းအပြတ်တိုက်မည်ဟု ကြွေးကြော်ကြုံးဝါး ခဲ့သော်လည်း၂၀၀၉ ခုနှစ် မေလမှာ ဘူဆာခီးစခန်းကအပြန် ဗိုလ်မှူးချုပ်ကောင်းမြတ် စီးလာသည့်ကား မိုင်းထိပြီး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။







More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ