တရုတ်ရဲ့အားပေးမှုနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်တိုးလာပြီး ပြည်သူတွေ ပိုမို အသက်ဆုံးရှုံးနေရပါတယ်။ အကြမ်းဖက်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်အပြီးမှာ အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုရက်စက်လာခဲ့တာလည်းဖြစ်ပါတယ်။ တရုတ်ကလည်း အာဏာသိမ်းအုပ်စုကိုထောက်ခံကြောင်း ပြသခဲ့တဲ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ ၄င်းတို့ရဲ့အကျိုးစီးပွား စီမံကိန်းတွေကို ဖြစ်မြောက်အောင်လုပ်ဖို့ စစ်ခေါင်းဆောင်ကို ထပ်မံတိုက်တွန်းထားခဲ့ပါပြီ။ရခိုင့်တပ်တော်ကလည်း ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲမှ ၁၀ မြို့နယ်အထိ သိမ်းပိုက်ထားပြီးဖြစ်လို့ ခုချိန်မှာ ကျောက်ဖြူမှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေအားလုံးပိတ်ထားရကာ လုံခြုံရေးတွေလည်း ပိုမိုတင်းကျပ်လိုက်ပါတယ်။တချိန်တည်းမှာပဲ ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရန် တရုတ်- စစ်ကောင်စီ ပူးတွဲ လုံခြုံရေး အဖွဲ့ကို ဗိုလ်ချုပ်ကျော်ရွှေထွန်း ဦးဆောင်ပြီး တရုတ်များပါအပါအဝင်နဲ့ ဖွဲ့စည်းထားပြီဆိုတဲ့ သတင်းများလည်း ထွက်ပေါ်လာနေပါတယ်။ ကုမ္ပဏီလုံခြုံရေးကိုအကြောင်းပြပြီး ဖွဲ့စည်းထားရာမှာ တရုတ်နိုင်ငံသားလုံခြုံရေးများ၊ နည်းပညာရှင်များပါဝင်တယ်လို့ သတင်းများကဆိုပါတယ်။နှစ်ဖက်နိုင်ငံပူးပေါင်းထားတဲ့ စီမံကိန်းလုံခြုံရေးအစီအစဉ်နဲ့ပက်သက်ပြီး ရှင်းရှင်းလင်းမသိရသေးပေမယ့် တရုတ်ကတော့ ၄င်းတို့ရဲ့ရင်းနှီးမြှုပ်နှံများဆိုင်ရာလုံခြုံရေးကို အာမခံဖို့ အာဏာသိမ်းအုပ်စုကို တစိုက်မတ်မတ်ပြောနေခဲ့တာ ဖြစ်ပါတယ်။ ဩဂုတ်လအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိလာစဉ်က ဒီအကြောင်းပြောခဲ့သလို နိုဝင်ဘာလအတွင်း တရုတ်ခရီးစဉ်မှာလည်း မင်းအောင်လှိုင်ကို ထပ်မံပြောဆိုခဲ့တယ်လို့ သိရပါတယ်။
တရုတ်ဟာ ၎င်း၏စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများပိုင် လုပ်ငန်းများကို ကာကွယ်စောင့်ရှောက်ရန် မြန်မာနှင့် ပူးပေါင်း၍ လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ဖွဲ့စည်းဖို့ လိုလားနေတာမျိုးဖြစ်ပါတယ်။ ဒီကိစ္စရှေ့ဆက်ဖို့အရေးအတွက် စစ်ကောင်စီက လုပ်ငန်းကော်မတီတခုကို အောက်တိုဘာ ၂၂ ရက်နေ့က ဖွဲ့စည်းခဲ့ကြပါပြီ။အသက်မဝင်တော့ပေမယ့် စစ်ကောင်စီက ကိုင်စွဲနေတုန်းဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရတော့ မည်သည့်အကြောင်းပြချက်ဖြင့်မဆို နိုင်ငံခြားသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ မြန်မာ့မြေပေါ် အခြေချချခွင့်မရှိပါဘူး။ ဥပဒေမဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ နေ့စဉ်ဗုံးကြဲမှုနှင့်အတူ ၄င်းတို့လက်ထဲက ဥပဒေကို ထပ်မံပြီး လိုသလိုအသုံးချဖို့ ကြိုးစားကြတော့မှာပါ။ကုမ္ပဏီလုံခြုံရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ အခုတော့တရုတ်က မြန်မာ့မြေပေါ်ကို တရုတ်လက်နက်နှင့်နည်းပညာတွေ အခြေချဖို့ ကြိုးစားလာခဲ့ပါပြီ။ တရုတ် လုံခြုံရေးကုမ္ပဏီများဟာ ပုဂ္ဂလိကကုမ္ပဏီဟု အမည်တပ်ထားပေမယ့် တရုတ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိပါတယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့ စသည့် လုံခြုံရေးတပ်ဖွဲ့များမှ အနားယူခဲ့သူအများစုနဲ့ ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ခေတ်မီ လက်နက်ငယ်မျိုးစုံ တပ်ဆင်ထားပြီး အဆင့်မြင့် သတင်းထောက်လှမ်းရေး၊ ဆက်သွယ်ရေး နည်းပညာများကိုသုံးကာ တရုတ်စစ်တပ်ပုံစံငယ်တခုပမာ ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။ အေအေရဲ့ ထိုးစစ်ကို စစ်ကောင်စီကမရှုမလှခံနေရချိန်ဟာ ကျောက်ဖြူစီမံကိန်းအတွက် တရုတ်နှင့်စစ်ကောင်စီပူးပေါင်းထားတဲ့ တရုတ်ကုမ္ပဏီ လက်နက်ကိုင်တပ်ဖွဲ့သတင်းတွေ ထွက်ပေါ်လာချိန်နဲ့ အချိန်ကိုက်ဖြစ်နေပါတယ်။ဒီအချိန်မှာပဲ ကျောက်ဖြူမြို့ပေါ်မှာ ဘဏ်တွေပိတ်ထားလိုက်ရပြီး မြို့ပေါ်အနီးတဝိုက်မှာလည်း စစ်ကောင်စီက လုံခြုံရေးအင်အားတွေ ဖြည့်ထားပြီလို့ ဒေသခံတွေထံမှ သိရပါတယ်။ ကျောက်ဖြူဟာ စစ်ကောင်စီအတွက် တရုတ်အတွက် အရေးပါတဲ့မြို့ဖြစ်ပေမယ့် ပြီးခဲ့တဲ့ အေပရယ်လကတည်းက ဘဏ်မှာငွေသွင်းငွေထုတ်တွေ မပြုလုပ်ဘဲ ခုတော့ လုံးဝပိတ်လိုက်ရတာမျိုးပါ။ ကျောက်ဖြူဟာ စစ်ကောင်စီနဲ့တရုတ်အတွက် အချက်အချာနယ်မြေဖြစ်ပြီး ဒီနယ်မြေကို စစ်ကောင်စီရဲ့အာမခံနိုင်မှုက မသေချာတော့ဘူးလို့ တရုတ်က သတ်မှတ်လိုက်ပုံရပါတယ်။
စစ်ရေးအောင်မြင်နေတဲ့ ရခိုင့်တပ်တော်ကလည်းသိမ်းဖို့ကျန်တဲ့မြို့နယ်တွေအကုန်သိမ်းမယ်လို့ စစ်ကြေငြာထားပြီးဖြစ်တာကြောင့် ရခိုင်ပြည်နယ်စစ်ဆင်ရေးတွေပိုမိုပြင်းထန်လာဖို့ သုံးသပ်ရပါတယ်။ ကျောက်ဖြူအနီးက ရမ်းဗြဲ၊ စနဲ၊ မအီ စတဲ့မြို့တွေကိုတော့ အေအေ သိမ်းထားပြီးပါပြီ။ တောင်ကုတ်နဲ့အမ်းမှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲအချိန်ပါ။ ကုန်းလမ်းထွက်ပေါက်ဖြစ်တဲ့ ကျောက်ဖြူ-ဇင်ချောင်းဂိတ်ကိုလည်း AA ထိန်းချုပ်ထားတာပါ။ ရေကြောင်း လေကြောင်းကိုသာအဓိကအားထားပြီး စစ်ကောင်စီက ရခိုင့်တပ်တော်ကို တားဆီးနိုင်မလား၊ တရုတ်ကုမ္ပဏီလုံခြုံရေးတပ်တွေ အခြေချမယ့်သတင်းတွေကြားမှာပဲ ကျောက်ဖြူဟာ ရခိုင့်တပ်တော်လက်အောက် ကျသွားမလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာဖြစ်ကြောင်း စုစည်းတင်ပြလိုက်ရပါသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ