မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ဟာ စစ်ကောင်စီကိုတော်လှန်ရေးမှာ လားရှိုးကိုသိမ်းပိုက်ထားနိုင်သည်ထိ အောင်မြင်မှုရထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံဘက်ကိုရောက်ရှိနေတဲ့ ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်ကပြန်မလွှတ်ဘဲ အကျယ်ချုပ်သဘော ထိန်းသိမ်းထားတဲ့သတင်းတွေ ထွက်ပေါ်လာနေပါတယ်။ ခေါင်းဆောင်ဖုန်တာရွှင်ဟာ တရုတ်အစိုးရ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနဲ့ တွေ့ဆုံဖို့ တရုတ်နိုင်ငံဘက်ကိုခရီးထွက်ခဲ့ရာမှ တရုတ်အာဏာပိုင်တွေက သူ့ကို အကျယ်ချုပ်ချထားလိုက်ပြီလို့ Myanmar Now သတင်းဌာနက နိုဝင်ဘာ ၁၈ ရက်နေ့ ညနေ ၃ နာရီခွဲခန့်မှာ သတင်းဖော်ပြခဲ့ကြပါတယ်။ သတင်းထဲမှာမှာတော့ လားရှိုးကနေပြန်ဆုတ်ရန်ငြင်းဆန်တဲ့ ကိုးကန့်ခေါင်းဆောင်ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ်ဖမ်းထားခြင်း ဟူ၍ ဖော်ပြပါရှိပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနှင့် ကိုးကန့်တပ်မတော် ခေါင်းဆောင်တို့ဟာ လွန်ခဲ့တဲ့လကုန်ပိုင်းက ယူနန်ပြည်နယ်တွင် တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီတွေ့ဆုံမှုအပြီးမှာ ၄င်းကိုမြန်မာနိုင်ငံပြန်ခွင့်မပေးဘဲ အကျယ်ချုပ်ဖမ်းထားတယ်လို့ “ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံယူနန် ပြည်နယ်ရှိ သတင်းရင်းမြစ်များ” ကို ကိုးကားပြီး Myanmar Now က ဖော်ပြခဲ့ကြတာပါ။ ထိုစဉ်က ဆွေးနွေးပွဲမှာလည်း စစ်ကောင်စီအပေါ် ထိုးစစ်ဆင်နေမှုကိုရပ်တန့်ဖို့၊ လားရှိုးကို စစ်ကောင်စီလက်ထဲ ပြန်အပ်ဖို့ ဖိအားပေးခံရကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာပဲ မင်းအောင်လှိုင်ကို တရုတ်က ဖိတ်ခေါ်ခဲ့ပြီး အာဆီယံဝန်ကြီးများနဲ့ တွေ့စေခဲ့ပါတယ်။
တိန့်ရှီကျွင်းနဲ့တွေ့ဆုံမှုအပြီးမှာ ဖုန်တာရွှင်ဟာ ယူနန်က ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သတင်းထွက်ပေါ်ခဲ့တာဖြစ်ပြီး အခုတော့ တရုတ်အစိုးရက အကျယ်ချုပ်ချထားခြင်းသာ ဖြစ်ကြောင်း သတင်းများထွက် ပြောင်းလဲထွက်ပေါ်လာပါတယ်။ ဒါပေမယ့်လည်း MNDAA တပ်ခေါင်းဆောင်တွေနဲ့ ခေါင်းဆောင် ဖုန်တာရွှင်တို့ဟာ ဖုန်းအဆက်အသွယ်ပြုလုပ်ခွင့်တော့ ရနေသေးတယ်လို့ သတင်းက ဆိုပါတယ်။ MNDAA ဟာ စစ်ဆင်ရေးတွေဖော်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေနှင့်အတူ သံလွင်အရှေ့ပိုင်းက မြို့ကြီးများအပါအဝင် အထူးဒေသ ၁ ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရမခ တိုင်းစစ်ဌာနချုပ်ကြီးအပါအဝင် စစ်ကောင်စီအပေါ် စစ်ရေးအောင်မြင်မှုမှာ စစ်ကောင်စီကို အရှက်ရစေခဲ့ပြီး စစ်ကောင်စီပြုတ်ကျမှာမလိုလားတဲ့ တရုတ်ဘက်က စိုးရိမ်မှုတွေလည်း မြင့်တက်စေခဲ့တာပါ။ အဲ့ဒီနောက်မှာ တရုတ်မြန်မာနယ်စပ်ဂိတ်ကိုပိတ်ပစ်ခြင်းဖြင့် တရုတ်က သူ့သဘောထားကို ပြသခဲ့ပါတယ်။ တဆက်တည်းမှာပဲ တရုတ်အထူးကိုယ်စားလှယ်တိန့်ရှီကျွင်းက သူ့ဆန္ဒကိုမလိုက်လျောဘဲ စစ်ကောင်စီကို ဆက်တိုက်နေမယ်ဆိုရင် ချေမှုန်းခံရမယ်လို့ ဖိအားပေးမှုတွေကို ပြသခဲ့ပြီး ခုတော့ အကျယ်ချုပ်ခံထားလိုက်ရပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အထိပါပဲ။ တရုတ်ရဲ့သဘောထားကတော့ MNDAA တပ်တွေ လားရှိုးကနေ ပြန်ဆုတ်ခွါဖို့ဖြစ်ပြီး တရုတ်အလိုကိုမလိုက်ရင် “ဖုန်” မျိုးနွယ်မိသားစုတွေ ကိုးကန့်ရဲ့ ငါးခုမြောက်မိသားစုအဖြစ် ချေမှုန်းခံရနိုင်တယ်လို့ ခြိမ်းခြောက်ထားဖူးပါတယ်။ အဲ့ဒီလိုဖိအားပေးတဲ့ တိန့်ရှီကျွင်းရဲ့ ခြိမ်းခြောက်မှုတွေဟာ သတင်းစာမျက်နှာတွေပေါ် ပြ့န်နှံ့ခဲ့ပြီး ခုတော့ ပိုပြီးဆိုးရွားတဲ့ အန္တရာယ်နဲ့ ကြုံနေရပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ အခုလိုမျိုး ခေါင်းဆောင်ကို ဖမ်းဆီးထားသည်ထိ ဒုက္ခပေးမခံရစဉ်မှာတော့ MNDAA ဟာ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ မပက်သက်ကြောင်း သဘောထားတွေ ထုတ်ပြန်ခဲ့သည်ထိ တရုတ်ရဲ့အလိုကို လိုက်လျောခဲ့ပါတယ်။ BPLA ကဲ့သို့ မဟာမိတ်ဗမာတပ်တွေဟာ ကိုးကန့်နယ်မြေကနေ ထွက်ခွါပြီး တခြားစစ်မျက်နှာတွေဆီပြောင်းရွှေ့သွားရတာဟာ အဆိုပါ တရုတ်ရဲ့ဖိအားပေးမှုတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ဒါပေမယ့်လည်း သိမ်းပိုက်ပြီးသား လားရှိုးကို MNDAA က လက်မလွှတ်ဘဲ စစ်ကောင်စီဗုံးကြဲဒဏ်ကိုသာ ကြံ့ကြံ့ခံ ရင်ဆိုင်နေခဲ့ပါတယ်။ ခုတော့ ကိုးကန့်ခေါင်းဆောင်ဖုန်တာရွှင်ကိုဖမ်းဆီးတဲ့သတင်းတွေ ဘယ်လောက်ခိုင်မာလဲ မသိရသေးပေမယ့် လားရှိုးမြို့စစ်ရေးအခြေအနေ ပြောင်းလဲမှုကို အများက စောင့်ကြည့်နေကြပါပြီ။ “ဖုန်တာရွှင်ကတော့ သူအသေခံလိုက်မယ် လားရှိုးကမဆုတ်ဖို့ ပြောထားတဲ့အကြောင်း ထိပ်တန်းတော်လှန်ရေးအကြီးအကဲတစ်ဦးကို ကိုးကားပြီး သတင်းတွေမှာတွေ့ရပါတယ်။ မည်သို့ပင်ဖြစ်စေ ကိုးကန့်ရဲ့ အထူးဒေသ ၁ ကိုပြန်လည်အသက်သွင်းနိုင်ခြင်းနှင့်အတူ ကချင်တပ်များ၊ တအန်းတပ်များရဲ့ နယ်မြေသိမ်းပိုက်စိုးမိုးထားနိုင်မှုတွေဟာ နွေဦးတော်လှန်ရေးမှာ ကြီးမားတဲ့ တော်လှန်ရေးအချိုးအကွေ့ တွေပါ။ နေ့စဉ်ဗုံးကြဲနေပေမယ့်လည်း တိုင်းရင်းသားတပ်တွေက ၄င်းတို့သိမ်းပြီးသားနယ်တွေဆီကနေ နောက်မဆုတ်သွားပါဘူး။ သတင်းတွေသာအတည်ပြုနိုင်မယ်ဆိုရင် ကိုးကန့်တပ်မတော် ခေါင်းဆောင်ကို ခုလိုဖမ်းဆီးခြင်းဟာ တရုတ်အနေနဲ့ သူတပါးနိုင်ငံရေးကို အကြီးအကျယ်ဝင်ရှုပ်ခြင်းဖြစ်တယ်လို့ မြန်မာပြည်သူတွေဘက်က မကျေနပ်ချက်များ မြင့်တက်လာနေကြောင်း တွေ့ရှိရပါသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ