Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
February 15, 2026

ပုလဲမြို့ကို လေးရက်သိမ်းနိုင်ခဲ့ကြောင်း BNRA ထုတ်ပြန်ပြီး ရဲဘော် ၉ ဦးကျဆုံး လက်နက်ခဲယမ်းများသိမ်းနိုင်ကြောင်း သတင်းထုတ်ပြန်လာပါတယ်

ပုလဲမြို့သိမ်းတိုက်ပွဲအကြောင်းအသေးစိတ်ကို ဒေသကာကွယ်ရေးတပ်မတော်တခုဖြစ်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ် BNRA က ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ – နိုဝင်ဘာ ၁၁ ရက်နေ့ မနက် ၄ နာရီခွဲမှစပြီး ပုလဲမြို့သိမ်းစစ်ဆင်ရေးကို စတင်ခဲ့ကြောင်း အစချီရေးသားထားပါတယ်။ စစ်ဆင်ရေးစတင်ပြီး ၄၈ နာရီအကြာတွင် ပုလဲမြို့ပေါ်က စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့ပါသည်။ လေကြောင်းပစ်ကူအများအပြားကြားမှ အချိန်တိုအတွင်းထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်ထိန်းချုပ်ထားနိုင်ရန် အဘက်ဘက်မှ ပြင်ဆင်ကြိုးစားဆောင်ရွက်ခဲ့ပါသည်။

နမခ ၊ တံတားဦး၊ ရှမ်းတဲလေတပ်၊ မကွေး ကလခ တို့မှ လေကြောင်းပစ်ကူအခေါက်ရေ (၇၀) ကျော် ပစ်ကူပေးသည့်ကြားမှ ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖော်ပြထားပါတယ်။စစ်ဆင်ရေးအတွင်း BNRA မှ ကျဆုံးရဲဘော်စုစုပေါင်း ၉ ဦးဖြစ်ကြောင်း၊ BNRA မှထိခိုက်ဒဏ်ရာရ ၁၀ ဦး နှင့် GZA မှ ၁ ဦး ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ မြို့ကို စတင်တိုက်ခိုက်ခြင်းကို နိုဝင်ဘာ ၁၁ ရက်နေ့မှာစတင်ပြီး မြို့ကို ၉၀ ရာခိုင်နှုန်းထိန်းချုပ်ကာ နိုဝင်ဘာလ ၁၄ ရက်နေ့ညနေပိုင်းတွင် ဆုတ်ခွါကြောင်း BNRA က သတင်းထုတ်ပြန်ပါတယ်။ မြေပြင်စစ်ကူဖြတ်တောက်ခြင်းလုပ်ငန်းများကို အဘက်ဘက်မှပြင်ဆင်နိုင်ခဲ့သော်လည်း ဝေဟင်ဖြင့်တပ်အင်အား စစ်ကူချခြင်း၊ ဝေဟင်မှ ပစ်ကူပေးခြင်းများကို ဖြတ်တောက်ရန်ခက်ခဲခဲ့တယ်လို့ ဗိုလ်နဂါးတပ်ဖွဲ့က ဆိုထားပါတယ်။

စစ်ကောင်စီဘက်မှ သုံ့ပန်း (၂၅) ဦးထိန်းသိမ်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားပြီး ဆေးကုပေးနေတယ်လို့ ဆိုပါတယ်။ သိမ်းပိုက်ရရှိတဲ့လက်နက်တွေကတော့ MA1 (၅)လက် ၊ MA2 (၂)လက်၊ MA3 (၄)လက်၊MA4ထောက်တွဲ (၁) လက်၊ G3(၆)လက်၊ G4(2)လက်၊ ပစ္စတို MA5 (၁)လက်၊ M9ဗုံးသီး (၆၀)လုံး၊ လက်ပစ်ဗုံး (၂)လုံး ၊ တိုက်မိုင်း (၃)လုံး၊ နင်းမိုင်း (၁)လုံး၊ လက်ပစ်စနစ်တံ (၆)ခု၊ တိုက်မိုင်းဖြူး (၃)ခု၊ G3ကျည်နှင့် ကပစ ၅.၅၆ကျည် အများအပြား၊ G3ကျည်ဘောက်အပို (၄)ဘောက်၊ MA အပိုကျည်ဘောက် (၂၉ )ဘောက် တို့ကိုသိမ်းဆည်းရရှိခဲ့ပါတယ်။ ပုလဲမြို့သိမ်းစစ်ဆင်ရေးကို BNRA နှင့်အတူ မိတ်ဖက် အညာညီနောင်ဖြစ်သော Generation Z Army (GZA) နှင့် ရေစကြိုမှ လက်သံပြောင်သော ဗိုလ်အောင်မောင်းရေစကြိုတောင်ပိုင်းတပ်ဖွဲ့ တို့ စနစ်တကျလုပ်ဆောင်ခဲ့ကြကြောင်း၊ ဒါ့အပြင် ချင်းညီနောင်စစ်ဆင်ရေး (CB Operation) နှင့်ချိတ်ဆက်၍ Coordinated Movement အဖြစ်လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ BNRA တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ အချိန်နှင့်တပြေးညီ ပူးပေါင်းကူညီဆောင်ရွက်ပေးပါသော ပုလဲမြို့နယ် ပကဖ ဒုတာဝန်ခံ ဒေါက်တာနန်းဝင်းအား ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) မှ အထူးပင်ကျေးဇူးတင်အပ်ကြောင်း ရေးပါတယ်။

အညာမှာ မြို့သိမ်းရင် တရက်ပြည့်အောင်မထိန်းနိုင်ကြပေမယ့် လေးရက်ကြာအောင် ထိန်းနိုင်ခဲ့ကြောင်းကိုလည်း ဗိုလ်နဂါးက သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို ဂုဏ်ယူကြောင်း ဆိုခဲ့ပါတယ်။ စစ်ကိုင်းတိုင်းပုလဲမြို့တိုက်ပွဲဟာ အများစိတ်ဝင်စားတဲ့ တိုက်ပွဲတခုဖြစ်ခဲ့ပြီး ၄င်းတို့ရဲ့ မြို့သိမ်းတိုက်ပွဲအပေါ် အကျိုးထက်အပြစ်ကိုရှာဝေဖန်နေကြတာ ရှိတယ်လို့လည်း ဗိုလ်နဂါးက ဆိုပါတယ်။ယင်းမာပင်နယ်မှ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်သံမဏိကတော့ “အားလုံးပူးပေါင်းဆောင်ရွက်ဖို့အရေးကြီးကြောင်း ခရိုင်ကွပ်ကဲရေးရုံးမှာ စစ်ရေးကိုစီမံခန့်ခွဲနေတဲ့ သူတွေနဲ့ ချိတ်ဆက်ပြီး ဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်ကြမလဲ ညှိနှိုင်းပြီး မြို့သိမ်းရာမှာ ပူးပေါင်းလုပ်ဆောင်ရင်ပိုပြီးတော့ အဆင်ပြေနိုင်တယ်လို့ “ ဗိုလ်သံမဏိက ပြောပါတယ်။ ဗိုလ်နဂါးက တိုက်ပွဲအပြီး သဘောထားထုတ်ပြန်ရာတွင် “မှန်ပါတယ် ကျနော်တို့အညာမညီညွတ်ကြသေးပါ။ ကျနော်တို့စစ်ရေစစ်သွေးမပြည့်ဝသေးပါ။သို့သော်ကျနော်တို့ BNRA ဟာ အားလုံးနဲ့ပေါင်းစည်းဖို့နည်းမျိုးစုံကြိုးစားခဲ့ပါကြောင်း၊ လိုကယ်တွေတင်မက ကာကွယ်ရေးဝန်ကြီးနဲ့ပါ 2023 အစောပိုင်းကသွားရောက်တွေ့ဆုံညှိုနှိုင်းသဘောတူခဲ့ပါကြောင်း တုံ့ပြန်ပါတယ်။ ကတိအတိုင်းပူးပေါင်းဆောင်ရွက်မှုအစား အခြားအခြေအနေတွေသာ ဖြစ်ပေါ်ခဲ့တယ်လို့ စစ်ရေးအပြီးမှာ ဗိုလ်နဂါးက ပြောဆိုထားပါတယ်။

BNRA ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်ဖွဲ့တခုမဟုတ်ဘဲ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ ဗိုလ်နဂါးဦးဆောင်တဲ့ ပူးပေါင်းမဟာမိတ်များရဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ ပုလဲတိုက်ပွဲကို စိတ်ဝင်စားမှုရရှိနေရာမှ အခုတော့ ပြီးဆုံးသွားပါပြီ။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တော်လှန်တပ်ဖွဲ့ပေါင်းမြောက်မြားစွာ ကွဲပြားနေပြီး စုစည်းညီညွတ်မှုမရရှိသေးပါဘူး။ စစ်ကောင်စီဘက်ကတော့ ဗဟိုချုပ်ကိုင်တဲ့ အမိန့်ပေးစနစ်ကို နှစ်ပေါင်းကြာရှည် တည်ဆောက်ထားနိုင်တာဖြစ်လို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့အတူ ကွဲပြားနေတဲ့ တော်လှန်တပ်တွေကို ချေမှုန်းဖို့ကြိုးစားနေကြပါတယ်။ တော်လှန်အသံပရိသတ်များရှင် ပြည်သူတွေထောက်ခံမှုကြောင့် တော်လှန်ရေးက ရှေ့သို့ချီတက်နေကြပါတယ်။တော်လှန်ရေးတပ်ပေါင်းစု သို့မဟုတ် ညီညွတ်တဲ့တော်လှန်ရေးဖြစ်သွားမှာကိုသာ စစ်ကောင်စီကကြောက်နေရတာဖြစ်ပြီး အခုထိတော့ အညာဒေသတော်လှန်ရေးဟာ မတူကွဲပြားမှုတွေနှင့်အတူ နေ့စဉ်ရက်ဆက်လိုလို ဖိနှိပ်ခံနေရတာကို BNRA ရဲ့ သတင်းထုတ်ပြန်ချက်နဲ့အတူ တင်ပြလိုက်ရပါသည်။

You may have missed