Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 25, 2025

ပုလဲတိုက်ပွဲသတင်းတွေထဲမှာတော့ သုံ့ပန်း ၂၀ ကျော်နှင့်ခဲယမ်းအချို့ရရှိထားကြောင်း ဗိုလ်နဂါးကအသိပေးထားတာတွေ့ရပါတယ်

နိုဝင်ဘာလ ၁၁ ရက်နေ့ကနေစတင်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့တိုက်ပွဲမှာ စစ်ကောင်စီက ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်းနှင့် စစ်ရှောင်တွေကို ရွာထဲပြန်နေထိုင်ကြဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ နိုဝင်ဘာလ ၁၆ ရက်နေ့ သတင်းများက ဆိုပါတယ်။ ဒီချိန်မှာပဲ ပုလဲမြိုတိုက်ပွဲကိုဦးဆောင်နေတဲ့ BNRA တပ်မတော်မှ ဗိုလ်နဂါးက ရန်သူ ၂၀ ကျော်နဲ့ ခဲယမ်းတချို့ကို သိမ်းပိုက်ထားနိုင်ကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ဒီရလာဒ်တွေဟာ ပြည်သူ့အချစ်တော်ရဲဘော်လေးတွေနဲ့ မဟာမိတ်ညီအကိုတွေ အကောင်းဆုံးကြိုးစား ရယူပေးထားတယ်လို့လည်း သူကရေးပါတယ်။ လက်ရှိမှာတော့ မြို့နဲ့ဘေးပတ်ဝန်းကျင်ကျေးရွာတချို့အတွက် လုပ်စရာရှိနေသေးလို့ သတင်းထုတ်ပြန်မှုနောက်ကျနေရကြောင်းလည်း ပါဝင်တာတွေ့ရပါတယ်။ စစ်ဘေးရှောင်တွေကို ကူညီပေးဖို့အရေးမှာလည်း အဖွဲ့အစည်းကိုသာ တိုက်ရိုက်ဆက်သွယ်ကူညီဖို့ BNRA ကိုရည်ညွှန်းပြီး ရေးသားထားပါတယ်။ နိုဝင်ဘာလ ၁၆ ရက်၊ မနက်ပိုင်းမှာထွက်ရှိလာတဲ့ သတင်းတွေထဲမှာတော့ ပုလဲကို စစ်ကောင်စီက ထိန်းချုပ်ထားပြီးလို့သိရပြီး ဒေသခံတွေဟာ စစ်ကောင်စီရဲ့ဖမ်းဆီးမှုကိုခံရမှာကြောက်လို့ ရွာမပြန်ရဲသူတွေလည်းရှိကြောင်း သိရပါတယ်။

မြို့ပေါ်ကို ပြန်လည်မနေထိုင်ရင် အိမ်တွေကို မီးရှို့ခံရမယ့်အရေး ဒေသခံတွေ စိုးရီမ်နေကြတာပါ။ ပုလဲမြို့ပေါ်နေရာအတော်များများကို စစ်ကောင်စီတွေ နေရာယူထားကြပီး မနေ့ကအထိတော့ အိမ် ၁၀ လုံးကို မီးရှို့ခဲ့ကြောင်း သိရတယ်လို့ ပုလဲမြို့ခံတဦးက ပြောပါတယ်။ ကနဦးမှာတော့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ဦးဆောင်တဲ့တပ်တွေဟာ နိုဝင်ဘာလ ၁၁ ရက်နေ့ကတိုက်ပွဲစတင်ပြီး ၁၃ ရက်နေ့ထိ ပုလဲမြို့ကို ထိန်းချုပ်နိုင်ခဲ့ကြပါတယ်။ နိုဝင်ဘာလ ၁၄ ရက်နေ့ကစလို့ စစ်ကောင်စီဟာ စစ်ကူအင်အားတွေကို လေကြောင်းကနေချပြီး မြို့ကို ပြန်လည်ထိန်းချုပ်လိုက်ကြပါတယ်။

ပုလဲတိုက်ပွဲကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့ရတယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်က ပြောပါတယ်။ ထွက်ပြေးနေရတဲ့ မြို့တွေကတော့ ပုလဲမြို့ပေါ် အပါအဝင် မြကုန်းရွာ၊အေးကုန်းရွာ၊ အလယ်ဘုံရွာ၊ ဇောင်ဂျမ်းကုန်းရွာ၊ မန်ကျည်းခွရွာ၊ ကုက္ကိုကုန်းရွာ၊ ကျွန်းဘိုကုန်းရွာ၊ ညောင်ကုန်းရွာ စတဲ့ ကျေးရွာ ၂၁ ရွာက ဒေသခံတွေ ဖြစ်ကြပြီး သံဃာတော်များ ၊ရပ်ကျေး ပအဖ၊ပကဖများ မှ ဦးဆောင်ပြီး ကူညီစောင့်ရှောက်ပေးနေကြတာကို ရုပ်သံမှတ်တမ်းများ ထွက်ရှိထားပါတယ်။ ပုလဲတိုက်ပွဲသတင်းတွေဟာ ရှင်းလင်းခြင်းမရှိဘဲ ဗိုလ်နဂါးရဲ့ လူမှုကွန်ရက်မှာတော့ “ ကြိုးစားအောင်ပွဲယူပေးထားတယ် သတင်းစောင့်ပေးပါ” လို့ ရေးသားထားတာ တွေ့ရပြီး ရှေ့ဆက်လုပ်ဆောင်ရန်နှင့်စစ်ဘေးရှောင်ပြည်သူများအတွက်အကူညီပေးလိုလျှင်လည်း အဖွဲ့အစည်းကိုသာတိုက်ရိုက်ဆက်သွယ်ကူညီပေးကြဖို့တိုက်တွန်းထားတာ သိရပါသည်။

You may have missed