“ချင်းညီနောင်စစ်ဆင်ရေး”(Operation CB) အမည်ဖြင့် စစ်ဆင်ရေးဖော်ဆောင်နေကာ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့က နိုဝင်ဘာ ၁၃ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်ထဲမှာ ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ညီနောင်စစ်ဆင်ရေးအဖြစ် မဟာမိတ်များနှင့် ပူးပေါင်းပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့ကတည်းက စတင်ကာ မြို့ပေါ်ရှိ စစ်ကောင်စီစခန်းများကို တပြိုင်နက်တိုက်ခိုက်နေကြောင်း ပါဝင်ပါတယ်။ စစ်ဆင်ရေးရှိလို့ နှစ်ဖက်တိုက်ပွဲများ ယနေ့အထိ ပြင်းထန်နေကြောင်း အသိပေးထားပြီး ချင်းညီနောင် စစ်ဆင်ရေး တိုက်ပွဲသတင်းများနှင့် ပတ်သက်ပြီး မဟုတ်မမှန်ရေးသားဖော်ပြခြင်း၊ သတင်းမှားများဖြန့်ခြင်းများ မပြုလုပ်ကြဖို့ကိုလည်း ချင်းညီနောင်အဖွဲ့က မေတ္တာရပ်ခံထားပါသေးတယ်။
“ချင်းညီနောင်က မထုတ်ပြန်တာတွေကို မရေးသားဖို့ဖြစ်ကြောင်း၊ ပုဂ္ဂိုလ်ရေးဖြစ်ဖြစ် သတင်းမီဒီယာကြီးတွေပဲဖြစ်ဖြစ် ၊ ပြည်သူတွေထံက သိရပါကြောင်း ၊ပြည်သူတွေ ကပြောပါတယ်ဆိုတာတွေမျိုးဟာ စစ်ရေးအတွက်ဘာမှ အထောက်အကူမပြုတဲ့အခါကျတော့ အဲဒါတွေမလုပ်ကြဘို့ တောင်းဆိုချင်တာပါ” လို့ ချင်းညီနောင် သတင်းပြန် ကြားရေးအဖွဲ့ဝင် CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ် က ပြောဆိုထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်မှာ ဝါဒဖြန့်သတင်းရေးသားသူတွေ ရှိသလို တော်လှန်ရေးဘက်သား ဆိုသူတွေလည်း အခြေအမြစ်မရှိတဲ့ သတင်းထုတ်ပြန်ရေးသားမှုတွေရှိကြကြောင်း သူကဆိုပါတယ်။ ချင်းညီနောင်တပ်ဖွဲ့အနေနဲ့ကတော့ သတင်းများကို လိုအပ်ရင်လိုအပ်သလို ထုတ်ပြန်သွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။ ချင်းညီနောင်အဖွဲ့ဝင် CDF – Matupi တပ်မဟာ(၁) ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဘွေအုပ် ကလည်း “မည်သည့်နေရာကို သိမ်းပိုက်နေထိုင်ကြကြောင်း တည်နေရာပြပေးခြင်း နှင့် ရဲဘော်မည်မျှကျဆုံးသွားကြောင်းပြောဆိုခြင်းများသည် တိုက်ပွဲဝင်ရဲဘော်များ၏ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိနိုင်ကြောင်း ရေးသားထားပါတယ်။ ချင်းညီနောင်တပ်ဖွဲ့များဟာ ၂၀၂၄ ခုနှစ်အတွင်းတွင် ကျင်ဒွေးမြို့၊ မတူပီမြို့ မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း မင်းတပ်မြို့နှင့် ဖလမ်းမြို့များကို တိုက်ခိုက်နေကြတာပါ။ ချင်းညီနောင်အဖွဲ့သည် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နှင့်ပူးပေါင်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ချင်းညီနောင်စစ်ဆင်ရေး (Operation CB)တွင် မဟာမိတ်အဖွဲ့အစည်းအချို့ကလည်း မိတ်ဖက်အဖွဲ့အစည်း၊အိမ်နီးချင်းကောင်း ပီသစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း ချင်းညီနောင်က အသိပေးပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာတော့ မြို့စွန်ရှိ ခလရ ၂၆၈ သာကျန်ရှိတော့ကြောင်းကြားသိရပြီး စစ်ကောင်စီဘက်ကတော့ ကလေးမြို့အမြောက်တပ်မှနေပြီး မစ်ဇိုင်းဒုံးကျည်များနဲ့ ပစ်ခတ်နေကြကြောင်း ဒေသတွင်းသတင်းများမှာ ဖော်ပြထားကြပါတယ်။ ဖလမ်းမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးကို ချင်းညီနောင် သိမ်းထားပြီး မြို့ကို ထိန်းချုပ်ထားတယ်လို့ The Chin Journalက ဖော်ပြထားကာ စစ်ကောင်စီကတော့ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ရေးပါတယ်။
မင်းတပ်မြို့တိုက်ပွဲမှာတော့ စစ်ကောင်စီက လေကြောင်း ပစ်ကူ သုံးနေရပြီး မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်ရင်းကို လေကြောင်းမှ အင်အားဖြည့်တင်းနေကြပါတယ်။ မင်းတပ်နှင့်ဖလမ်းကို စစ်ဆင်နေတဲ့ ချင်းညီနောင်တပ်ဖွဲ့မှာ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ CDF မတူပီ တပ်မဟာ(၁)၊ မာရာတပ် MDF၊ PDF ဇိုလဲန်း တို့ ပါဝင်စုဖွဲ့ထားပြီး ရက္ခိုင့်တပ်တော်(AA)နှင့်အတူ ပူးတွဲစစ်ရေး ဖော်ဆောင်မှုမျာလည်းရှိကြောင်း သိရပါသည်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ