ချင်းပြည်နယ်၊ ထန်တလန်မြို့နဲ့ မင်းတပ်မြို့တွေမှာ ချင်းညီနောင် တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေအရ သိရပါတယ်။ထန်တလန်မြို့မှာ နိုဝင်ဘာ ပထမပတ်အတွင်း ထန်တလန်မြို့ NLD ရုံးမှာ တပ်စွဲထားတဲ့ စစ်တပ်ကို စနိုက်ပါနဲ့ အနီးကပ်တိုက်ခိုက်လို့ စစ်ကောင်စီ ဒုဗိုလ်မှူးကြီးနဲ့ ဒုရဲအုပ်အပါအဝင် ၁၀ ဦးသေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဒေသတွင်း ချင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကာ စစ်ကောင်စီရဲ့ ဒရုန်းတစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။ထန်တလန်မြို့ကို ပြီးခဲ့တဲ့ ဇူလိုင်လထဲက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီး ထန်တလန်နဲ့ဟားခါးကြားက အော်တိုတောင်စခန်းကုန်းအပါအဝင် အရေးပါတဲ့စခန်းအများအပြားကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာတာကြောင့် ဟားခါးနဲ့ ထန်တလန် ကြားက စခန်းအချို့ကို ပြန်လည်လက်လွတ်ခဲ့ရသလို ထန်တလန်မြို့ထဲက ခလရ – ၂၆၉ တပ်ကုန်းကိုလည်း စစ်ကောင်စီက ပြန်သိမ်းထားတယ်လို့ ဒေသတွင်းသတင်းတွေအရသိရပါတယ်။
လက်ရှိမှာ ထန်တလန်မြို့ထဲက ရဲစခန်းနဲ့ NLD ရုံးတို့မှာ စစ်တပ်က အခိုင်အမာတပ်စွဲထားပြီး အဆိုပါနေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။မင်းတပ်မြို့မှာတော့ နိုဝင်ဘာ ၉ရက်ကစလို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကာ CDF-မင်းတပ်နဲ့အတူ အာရက္ခတပ်တော် AA ပါဝင်တိုက်ခိုက်နေတယ်လို့ ဒေသမီဒီယာတွေက ဖော်ပြနေကြပါတယ်။စစ်ကောင်စီဘက်ကလည်း မနေ့က နီုဝင်ဘာ ၉ရက် မနက်ပိုင်းကစခပြီး မင်းတပ်မြို့ ရဲစခန်းရှေ့ ခေါနူးရိပ်သာ အနီးတစ်ဝိုက်၊ ဆောက်လုပ်ရေးလမ်းခွဲ ကားလမ်းမဘေး နဲ့ ဆောက်လုပ်ရေးဝင်း အတွင်းရှိ ပြည်သူပိုင် နေအိမ်တွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ)ရဲ့ စစ်ရေးကွပ်ကဲ မှုဧရိယာထဲမှာ တည်ရှိပြီး မင်းတပ်မြို့ကျပါက တော်လှန်ရေးတပ်တွေ ယောဒေသကတဆင့် မကွေးတိုင်းထဲ လျှံကျလာနိုင်တာကြောင့် စစ်ကောင်စီဟာ အပြင်းအထန်ခုခံကာကွယ်နေတာလို့ ချင်းညီနောင်မဟာမိတ်အဖွဲ့ ပြောခွင့်ရှိသူ ယောမန်က မီဒီယာကို ဖြေကြားထားပါတယ်။ထန်တလန်မြို့ကျပါကလည်း ချင်းပြည်နယ်မြို့တော် ဟားခါးကို ဝိုင်းပတ်ပိတ်ဆို့ကာ စစ်ကောင်စီအတွက် ရိက္ခာလက်နက်စစ်ကူပေးဖို့ အခက်ကြုံနိုင်တာကြောင့် ဟားခါးစစ်ဗျူဟာကနေ လက်နက်ကြီးပစ်ကူနေသလို စစ်ကောင်စီက မဖြစ်မနေ အင်အားသုံး တုံ့ပြန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ