အကြမ်းဖက်အာဏာသိမ်းခဲ့လို့ နိုင်ငံအဝန်းတော်လှန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်ခေါင်းဆောင်ဟာ အာဆီယံခေါင်းဆောင်အချို့ကို တရုတ်အကူအညီနဲ့ ကူမင်းမှာတွေ့ခွင့်ရခဲ့ပါတယ်။ လာအို ကမ္ဘောဒီးယားစတဲ့နိုင်ငံတွေအပြင် အရေးပါဆုံးအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ် ပေထောင်တန်နဲ့လည်း တွေ့ခဲ့ပါတယ်။ အာဆီယံအဖွဲ့အနေနဲ့ မြန်မာအရေးကိုင်တွယ်ရာမှာ သိသာထင်ရှားတဲ့ မည်သည့်ရလာဒ်မှထွက်လာခြင်းမရှိသလို မင်းအောင်လှိုင်ကလည်း ၄င်းတို့ပြောပြောနေတဲ့ ဘုံသဘောတူညီချက် ငါးရပ်ဆိုတာကိုအကောင်အထည်မဖော်ပါဘူး။ ဒီလိုနဲ့ တရုတ်စီစဉ်တဲ့ မဲခေါင်ဒေသခွဲအစည်းအဝေးကို မင်းအောင်လှိုင်လာရောက်ခွင့်ရတဲ့အပေါ် မှာ အများကအံ့အားသင့်ခဲ့ရပါတယ်။ တဆက်တည်းမှာပဲ စည်းဝေးပွဲလာတက်တဲ့ အာဆီယံဝန်ကြီးအချို့ကို အကြမ်းဖက်ခေါင်းဆောင်က တွေ့ခွင့်ရခဲ့ရာမှာ အိမ်နီးချင်းထိုင်းနိုင်ငံဝန်ကြီးချုပ်လည်း ပါဝင်ပါတယ်။ ဒါပေမယ့်လို့ ထိုင်းဝန်ကြီးချုပ်က ၄င်းတို့တွေ့ဆုံမှုမှာ သူမအနေနဲ့ “ဘာမှတော့သိပ်ပြီးမမျှော်လင့်ထားဘူး” လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
မြန်မာ့အရေးမှာ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီပြုတ်ကျရေးကို အခုထိရည်မှန်းချက်ထားနေဆဲ ဖြစ်သလို စစ်ကောင်စီကလည်းတော်လှန်ရေးအင်အားစုတခုလုံးကို အကြမ်းဖက်အဖွဲ့အစည်းလို့ ပြောင်းပြန်စွပ်စွဲနေဆဲ ဖြစ်ပါတယ်။ ဒီအခြေအနေက မြန်မာ့အရေးမှာ ပြည်တွင်းပြဿနာကို အိမ်နီးချင်းနိုင်ငံများအနေနဲ့ ဘာမှများများစားစားမတတ်နိုင်ဘူးဆိုတာကို သိသာစေတဲ့အချက်တခု ဖြစ်စေပါတယ်။ အာဆီယံက မြန်မာ့အရေးကိုကူညီနိုင်စွမ်းမရှိတာ သိသာလာခဲ့ပြီးနောက် တရုတ်ကိုယ်တိုင်ဝင်ပါလာရတဲ့ အခြေအနေမျိုးလည်း မြင်တွေ့နေရပါတယ်။ တရုတ်ဖိအားကြောင့် အကြမ်းဖက်ခေါင်းဆောင်ကို အာဆီယံဝန်ကြီးတွေ တွေ့နေရပေမယ့် လက်တွေ့ကျပြီး အနှစ်သာရရှိတဲ့ ဆွေးနွေးချက်တွေ ထွက်ပေါ်လာခြင်းမရှိပါဘူး။ ဒါကြောင့်လည်း ထိုင်းဝန်ကြီးချုပ်က သူမအနေနဲ့ “ ဘာမှတော့ မမျှော်လင့်ထားခဲ့ဘူး” လို့ ပြောသွားတာ ဖြစ်ပါမယ်။ ဒါပေမယ့်လည်း
ငြိမ်းချမ်းတည်ငြိမ်ရေးကိုလိုလားတဲ့ ကမ်းလှမ်းမှုမျိုး ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်ဟာ ကြားကောင်းအောင်ပြောခြင်းမှလွဲပြီး ဘာမှထူးခြားချက်ရှိတာမဟုတ်ပါဘူး။ စစ်ကောင်စီဟာ တွေ့ဆုံဆွေးနွေးမှုကိုလိုလားတဲ့ပုံစံပြချင်တာကြောင့် တရုတ်ခရီးစဉ်မတိုင်မီက တော်လှန်ရေးအင်အားစုတွေအပေါ် ကမ်းလှမ်းကြောင်း ထုတ်ပြန်ထားပေမယ့် တိုင်းရင်းသားတပ်များအားလုံးနှင့် နွေဦးတော်လှန်ရေးအင်အားစုတွေကတော့ အကြမ်းဖက်ခေါင်းဆောင်ရဲ့ စေတနာမမှန်မှုကို သမိုင်းနဲ့ချီပြီး သိထားလို့ ပယ်ချခဲ့ကြပါတယ်။ နှစ်ပေါင်း ၇၀ ကျော် ၈၀ နီးပါး စစ်တပ်ရဲ့အနိုင်ကျင့်မှုကို တဖက်သတ်ခံလာရတဲ့ နိုင်ငံရေးအင်အားစု နှင့် တော်လှန်ရေးအင်အားစုအားလုံးက အလိုမကျတိုင်း အကြမ်းဖက်တဲ့ စစ်တပ်ရဲ့ လေသံကို “ ဟ လိုက်တာနဲ့ အဓိပ္ပါယ်သိတယ်” ဆိုရမှာပါ။
ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီရဲ့အကြံအစည်ဟာ ပြင်ပနိုင်ငံများတွက် အကောင်းမြင်ကောင်းမြင်မှာဖြစ်ပေမယ့် ဒါဟာ စစ်တပ်စိတ်တိုင်းကျ ထိန်းချုပ်ခံရွေးကောက်ပွဲသာ ဖြစ်တယ်ဆိုတာ အားလုံးကနားလည်ပြီး ဖြစ်နေပါတယ်။ ထိုင်းဝန်ကြီးချုပ်ကလည်း မင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာ စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲကို ထိုင်းနိုင်ငံက ထောက်ခံမှုအရိပ်အယောင်ပြသွားတယ်လို့ သတင်းများက ဖော်ပြနေကြပါတယ်။ တဖက်မှာလည်း ထိုင်းဝန်ကြီးချုပ်အသစ်က မြန်မာ့အရေးဟာ ပြည်တွင်းရေးသာဖြစ်ပြီး ပြည်တွင်းကလူတွေကသာ အဓိကဖြေရှင်းနိုင်မှရမယ့်အကြောင်းလည်း ပြောသွားပြန်ပါတယ်။ ကီလိုမီတာ ၂၀၀၀ ခန့် နယ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံဟာ မြန်မာဘက်ကတိုက်ပွဲတွေပြင်းထန်လာတိုင်း ထိုင်းနိုင်ငံဘက်ကို ပျံ့နှံ့မြဲဖြစ်သလို ကုန်သွယ်စီးဆင်းမှု ပြတ်တောက်သွားတာလည်း ဖြစ်လေ့ရှိပါတယ်။ ဒါကိုထိုင်းနိုင်ငံဘက်က မလိုလားတာသေချာပေမယ့် တရုတ်ရဲ့ဖိအားကြောင့် တွေ့ဆုံမှုမှာလည်း မင်းအောင်လှိုင်ထံက ဘာမှ မျှော်လင့်နိုင်စရာမရှိကြောင်း ထိုင်းဘက်က နားလည်နေပြန်ပါတယ်။ ပြီးခဲ့တဲ့ လာအိုအာဆီယံစည်းဝေးမှာ ထိုင်းဝန်ကြီးချုပ်ဘက်က မြန်မာဘက်ကို “စစ်ရေးအရမဟုတ်ဘဲ ဆွေးနွေးဖို့အချိန်တန်ပြီဆိုတဲ့” သဘောမျိုး ပြောခဲ့ဖူးပါသေးတယ်။ အားလုံးဟာ နိုင်ငံရေးယဉ်ကျေးမှုအရ စကားတွေ ထုတ်ပြန်နေကြပေမယ့် မြန်မာ့အရေးပြေလည်ဖို့ကတော့ မြန်မာတွေကပဲ ညီညွတ်မှုအားနဲ့ ဖြေရှင်းနိုင်ကြမှာပါ။“ငြိမ်းချမ်းရေးကို အစပျိုးကြဖို့ ကျမတို့ရဲ့ စေတနာကို ဖော်ပြခဲ့တယ်” ဆိုတဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့စကားဟာ ဝတ်ကျေဝတ်တန်းသဘောမှအပ ဘာမှရေရာခြင်းလည်းရှိမနေခဲ့တာမျိုးပါ။ မြန်မာ့အရေးကို ဖြေရှင်းဖို့ နည်းလမ်းရှာနေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနက် ထိုင်းနိုင်ငံကဦးဆောင်ပြီး လာမယ့်ဒီဇင်ဘာမှာ ဆွေးနွေးပွဲရှိပါတယ်။ ဒီဆွေးနွေးပွဲမှာ အာဆီယံဟာ အစီအစဉ်တွေ ဘယ်လိုရှိလဲဆိုတာလည်း သတင်းပေးသွားခြင်းမရှိခဲ့ပါဘူး။ အင်အားကြီးတရုတ်ရဲ့ အကြမ်းဖက်ခေါင်းဆောင်ကို ဖိတ်ခေါ်မှုဟာ မြန်မာ့အရေးစောင့်ကြည့်နေကြသူများအတွက် အံ့အားသင့်စေခဲ့ပြီး တရုတ်ရဲ့အရိပ်အောက်က အာဆီယံဝန်ကြီးများနဲ့ မင်းအောင်လှိုင်တွေ့ဆုံမှုကလည်း ဝတ်ကျေဝတ်တန်းသဘောကိုသာ ဖော်ဆောင်ခဲ့ကြတာ ဖြစ်ကြောင်း VOR က စုစည်းတင်ပြလိုက်ရပါသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ