၄၇ ယောက်မြောက်သမ္မတဖြစ်လာတော့မယ့် ဒေါ်နယ်ထရမ့်ဟာ လူ့အခွင့်အရေးရှုထောင့်ကို ဦးစားပေးစဉ်းစားလေ့ရှိသူမဟုတ်ဘူး ရွှေ့ပြောင်းအခြေချရေးမူတွေ ထရမ့်အနေနဲ့ဆန့်ကျင်လိုက်ရင် နောက်ဆက်တွဲအနေနဲ့ ရွှေ့ပြောင်းအရေးဟာ ဂယက်ရိုက်လာနိုင်တယ်။ အာရှ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အားပေးကူညီမှုအဖွဲ့ (AHRLA)ရဲ့ ဒါရိုက်တာ ဖိလစ် ရောဘတ်ဆန်က ပြောခဲ့တာကို The Nation Thailand သတင်းဌာနက နိုဝင်ဘာလ ၈ ရက်နေ့ရက်စွဲနဲ့ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့
ထိုင်းနယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်တွေအနေနဲ့ ၄င်းတို့ရဲ့တတိယနိုင်ငံအိပ်မက်တွေအပေါ် စိုးရိမ်မှုအချို့ရှိနေကြပါပြီ။ ဒုတိယအကြိမ်သမ္မတဖြစ်လာတော့မယ့် ဒေါ်နယ်လ်ထရမ့်ဟာ ပြည်ပကနေ ရွှေ့ပြောင်း အခြေချလာသူတွေအပေါ် ခါးသီးတဲ့ အမြင်မျိုး ရှိသူ ဖြစ်တာကြောင့် ခုလိုစိုးရိမ်မှုတွေက ခပ်စောစောပဲ ထွက်ပေါ်လာနေပါတယ်။ အာရှလူ့အခွင့်အရေးနဲ့အလုပ်သမားရေးရာ ဒါရိုက်တာ ပြောတဲ့အထဲမှာ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတွေမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို စိစစ် လက်ခံပြီး အခြေချ ခိုလှုံခွင့် ပေးနေပေမယ့် ထရမ့်အာဏာရလာရင် အဲဒီ အစီအစဉ်ကို ဖျက်သိမ်းနိုင်တယ်လို့လည်း ပါဝင်လာပါတယ်။ ထိုင်းနှင့်အမေရိကန်တို့ရဲ့ သဘောတူချက်တွေအရ ထိုင်းနယ်စပ်ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် ၆၀၀၀၀ လောက်ကို အမေရိကန်အပါအဝင် အခြားနိုင်ငံတွေဆီ ရွှေ့ပြောင်းနေရာချပေးဖို့ ရည်ရွယ်ထားကြတာပါ။ ဒါပေမဲ့ အခုလို အမေရိကန်မှာ အစိုးရ ပြောင်းလဲမှုဖြစ်စဉ်နောက် အဲဒီ သဘောတူညီမှုကို ဆက်လက် အကောင်အထည်ဖော်ဖို့ မသေချာတော့ဘူးလို့ စိုးရိမ်နေကြပါပြီ။ ရွှေ့ပြောင်းဖို့လျာထားဆဲသူတွေသာမကပါဘူး။ အမေရိကန်မှာ နှစ်နဲ့ချီနေထိုင်ခဲ့ပေမယ့် အမေရိကန်မဖြစ်သေးသူတွေလည်း ဖမ်းဆီးခံရပြီး ပြန်ပို့ခံရတာမျိုးတွေ လုပ်လာနိုင်တယ်လို့လည်း ရောဘတ်ဆန်က ဆိုပါတယ်။ ရွေးကောက်ပွဲမဲဆွယ်စဉ်က စည်းရုံးပြောဆိုတဲ့ အချက်တွေကိုထောက်ပြီး လူ့အခွင့်အရေးသမားတွေက ပူပန်နေကြတာဖြစ်ပါတယ်။ ထိုင်းနယ်စပ်မှာရှိတဲ့ မရွှေ့ပြောင်းရသေးတဲ့ ဒုက္ခသည်တွေသာမကပါဘူး။ ၂၀၂၁ အာဏာသိမ်းမှုအပြီး တတိယနိုင်ငံထွက်ဖို့ စိတ်ကူးထားသူများအနေနဲ့ ဒါရိုက်တာ ဖိလစ် ရောဘတ်ဆန်ရဲ့ ပြောစကားအပြီးမှာ သူတို့ရဲ့အနာဂါတ်ကို မရေမရာဖြစ်လာမှာ စိုးရိမ်နေကြတာပါ။ ဒါပေမယ့်လို့ အမေရိကန်မှာရောက်နှင့်ပြီး Refugee တွေအနေနဲ့ကတော့ တရားဝင်ရောက်လာတဲ့ဖြစ်တဲ့အတိုင်း နိုင်ငံသားဖြစ်ဖို့ အဆင့်ဆင့် မျှော်လင့်သွားနိုင်မှာဖြစ်တယ်လို့ နယူးရောက်မြန်မာကွန်မြူနတီဥက္ကဌ ဦးနေတင်မြင့်က ဘီဘီစီသတင်းဌာနကို ပြောကြားသွားပါတယ်။
ရွှေ့ပြောင်းအခြေချသူတွေနဲ့ပက်သက်ရင် အထူးသဖြင့် ထရမ့်ရဲ့ မူဝါဒတွေကို လက်မခံနိုင်တဲ့ ဒီမိုကရက်တစ်ပါတီ အုပ်စိုးရာ ပြည်နယ်တွေမှာ ဒီပြဿနာတွေ ပိုဖြစ်နိုင်ချေရှိတာကိုလည်း ရောဘတ်ဆန်က ဆိုပါတယ်။ တဆက်တည်းမှာပဲ မြန်မာ့အရေးကို ကူညီပေးနေတဲ့ Burma Act လိုတရားဝင်ငွေကြေးထောက်ပံ့မှုတွေလည်း ရပ်ဆိုင်းသွားနိုင်ချေရှိလားဆိုတဲ့ သံသယတွေလည်း အစပျိုးလာတာ တွေ့နေရပါတယ်။ အမေရိကန်အစိုးရအပြောင်းအလဲနှင့် တရုတ်ကို မင်းအောင်လှိုင်ခရီးစဉ်ဟာ တပြိုင်နက်လိုလို ဖြစ်လာခဲ့တာပါ။ ဒါ ဟာတော်လှန်ရေးအင်အားစုတွေအနေနဲ့ အားတက်စရာတော့မဟုတ်ပါဘူး။ စစ်အာဏာရှင်တော်လှန်ရေး နှစ်ရှည်ခရီးကို ဖြတ်သန်းခဲ့ပြီးသား တော်လှန်ရေးအင်အားစုတွေကတော့ မိမိတို့အင်အားကို အကောင်းဆုံးတည်ဆောက်နေကြသလို လိုအပ်နေတဲ့ စည်းလုံးညီညွတ်မှုကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ကြိုးစားနေကြပါပြီ။ နိုင်ငံတကာအရေးမှာ အသံမျိုးစုံထွက်နေပေမယ့် ပြည်တွင်းကတိုက်ပွဲတွေကတော့ နေ့စဉ်ညစဉ်မပြတ်ပါဘူး။ အရေးပါတဲ့စစ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်းခမ်းနဲ့ သဲခေါ်ကျေးရွာတို့မှာ TNLA က တိုက်ပွဲတွေဖော်ဆောင်နေသလို အညာမှာစစ်ရေးဖော်ဆောင်ဖို့ BPLA ကလည်း တရားဝင်ကြေငြာထားပြီး ပြင်ဆင်နေကြပါတယ်။ ကချင်မှာလည်း အရေးပါတဲ့စစ်ရေးနယ်မြေတွေကို ကေအိုင်အေက သိမ်းယူထားပြီးဖြစ်လို့ ပြည့်အင်အားနဲ့သာ နိုင်ငံသစ်ကိုတည်ဆောက်ရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ