နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကိုဆုံးရှုံးထားတဲ့ စစ်ကောင်စီဟာ အာဆီယံမှာလည်း ဖယ်ကျဉ်ခံထားရဆဲဖြစ်ပေမယ့် တရုတ်ကတော့ မင်းအောင်လှိုင်ကို သူ့ဆီလာဖို့ ခေါ်တွေ့လိုက်ပါပြီဒါဟာ နိုင်ငံတကာသံတမန်အခင်းအကျင်းမှာ လူရာသွင်းမခံထားရတဲ့ စစ်ခေါင်းဆောင်အဖို့ အငမ်းမရ ဝမ်းသာစရာ ဖြစ်စေမှာပါ။ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးသွားဖို့ ရှိတယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၄ ရက် ဒီနေ့မှာ ထုတ်ပြန် အတည်ပြုပါတယ်။အာဏာသိမ်းခေါင်းဆောင်အတွက်တော့ ဒါဟာ အင်အားကြီးမဟာမိတ်နိုင်ငံတခုကိုသွားတဲ့ ဒုတိယမြောက် ခရီးစဉ်ဖြစ်လာခဲ့ပါတယ်။ ပထမနိုင်ငံကတော့ အကြမ်းဖက်လက်နက်နဲ့ နည်းပညာတွေ အထောက်အပံ့ရထားတဲ့ ရုရှနိုင်ငံဖြစ်ပါတယ်။ တရုတ်အနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ဖိတ်ခဲ့မယ်ဆိုရင် ပြန်သုံးသပ်ဖို့လိုမှာဖြစ်ကြောင်း အန်ယူဂျီအစိုးရက သဘောထား ထုတ်ပြန်ခဲ့ပေမယ့် တရုတ်ဘက်က ဒါကိုဂရုမစိုက်တာ အတည်ဖြစ်သွားပါပြီ။ တရုတ်ရဲ့ကျောထောက်နောက်ခံမှာ တော်လှန်တိုက်ပွဲတွေ အောင်မြင်နေတဲ့ ကေအိုင်အေတပ်တွေကလည်း တရုတ်ရဲ့စစ်ပွဲရပ်ဖို့ ဖိအားတွေကို မလိုက်နာခဲ့ပါဘူး။ ဒီခရီးစဉ်ဖြစ်ပေါ်လာချိန်ဟာ တရုတ်ရဲ့စီးပွားရေးစီမံကိန်းတွေတည်ရှိရာ ရခိုင်ပြည်နယ်က စီမံကိန်းနယ်မြေအတော်များများကို ရခိုင့်တပ်တော်က စိုးမိုးထားပြီးချိန်လည်း ဖြစ်ပါတယ်။ အာဏာသိမ်းလေးနှစ်နီးပါးထိ သံတမန်ရေးမှာ လူရာမဝင်တဲ့ စစ်ခေါင်းဆောင်ကို စစ်ရေးရှုံးနိမ့်နေချိန်တွင်း အခုလိုဖိတ်ခေါ်လိုက်တာဟာ စစ်ကောင်စီအတွက် အရေးပေါ်အခြေအနေတခု ဖြစ်တယ်လို့ တရုတ်က သတ်မှတ်ပုံရကြောင်း VOR က သုံးသပ်ရပါတယ်။ တရုတ်ဟာ စစ်ကောင်စီကျဆုံးနေမှုကို နားလည်နေပြီး စစ်ရေးအကူအညီပေးဖို့လား နိုင်ငံရေးထွက်ပေါက်တခု ဖန်တီးပေးဖို့လားဆိုတာကတော့ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။
ခရီးစဉ်မှာ တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့မယ်လို့ ထုတ်ပြန်ထားပေမယ့် ဘယ်သူနဲ့လဲဆိုတာတော့ အတိအကျမပြောထားပါဘူး။ အာဏာသိမ်းခေါင်းဆောင်ကို ဖိတ်တာကတော့တရုတ်ဝန်ကြီးချုပ် လီချန်း ဖြစ်တယ်လို့တော့ တရုတ်မြန်မာအရေး လေ့လာသူ ဒေါက်တာ လှကျော်ဇောက ပြောထားပြီး မြောက်ပိုင်းတော်လှန်ရေးခေါင်းဆောင်တွေလည်း ရောက်နေတယ်လို့ ကြားရကြောင်းလည်း ဆိုပါတယ်။ မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း ကူမင်းမြို့မှာ နိုဝင်ဘာ ၆ ရက်ကနေ ၇ ရက်အထိ ကျင်းပမဲ့ (၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို တက်ရောက်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ တရုတ် နှင့် မဲခေါင်ဒေသတွင်းနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်သော စီးပွားရေးဆိုင်ရာဆွေးနွေးပွဲများကို တက်ရောက်မယ်လို့ ကြေညာထားပါတယ်။ တရုတ်က မင်းအောင်လှိုင်ကို ပွဲထုတ်မယ့် ခရီးစဉ်တွင်းမှာ နောက်ထပ် စိတ်ဝင်တစားစောင့်ကြည့်ရမယ့်အချက်ကတော့ အခုခရီးစဉ်မတိုင်ခင်မှာ စစ်ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေ၊ ဗိုလ်မှူးကြီးဟောင်းလှမင်းတို့အဖွဲ့ဟာ တရုတ်နိုင်ငံသို့ရောက်ရှိနေပြီး တရုတ်အစိုးရ မူဝါဒအကြံပေး အဖွဲ့များနှင့် တွေ့ဆုံနေတဲ့ အချက်ပါပဲ။နိုင်ငံရေးသမားများကို အကြမ်းဖက်ရာမှာ ထင်ရှားခဲ့တဲ့ စစ်ထောက်လှမ်းရေးတပ်မှ အရာရှိဟောင်းများဟာ Paragon Institute အမည်ဖြင့် ပေကျင်းအခြေစိုက် Think-Tank လို့ခေါ်တဲ့ သုတေသနနှင့်မူဝါဒရေးရာ အကြံပေးများနှင့် လိုက်လံတွေ့ဆုံနေပါတယ်။ ဒါဟာ စစ်ကောင်စီပြုတ်ကျရေးဆိုတဲ့ တော်လှန်ရေးကိုဟန့်တားဖို့ ဘယ်လောက် အရေးပါလာနိုင်လဲ ဘယ်လိုလက်ဦးမှုယူနိုင်လဲဆိုတာ တော်လှန်ရေးအင်အားစုတွေအတွက် အာရုံစိုက်ရတော့မှာပါ။
တရုတ်ဟာ တဖက်မှာလည်း ထိုးစစ်ဆက်နေဆဲ ကေအိုင်အိုကို တွေ့ဆုံခြင်း မြို့တွေသိမ်းထားတဲ့ တအန်းအမျိုးသားတပ်ကို စစ်ရပ်စေခြင်း စသဖြင့် ဆက်တိုက်ဖိအားပေးခဲ့ပါတယ်။ TNLA တော်လှန်ရေးပူးပေါင်းတပ်တွေကတော့ ဖိအားပေးခံရပြီးနောက်မှာပဲ အောက်တိုဘာလ ဒုတိယပတ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို ထပ်သိမ်းထားသလို KIA တပ်တွေကလည်းအထူးဒေသ ၁ တခုလုံးကို အကုန်အစင်သိမ်းပါတယ်။ တရုတ်ဟာ စစ်ကောင်စီပြုတ်ကျသွားမှာကို မလိုလားကြောင်း အခုလိုလုပ်ပြနေခြင်းကပဲ စစ်ကောင်စီအတွက် အခြေအနေမကောင်းတော့ကြောင်းကို ကမ္ဘာကသိစေသလို ဖြစ်လာတာမျိုးပါ။ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ဂိတ်တွေကို ပိတ်ချလိုက်ပြီး တော်လှန်တပ်နယ်မြေတွေကို တရုတ်က အခက်တွေ့စေပါတယ်။ စစ်ကောင်စီရဲ့ ဗုံးကြဲမှုတွေအပေါ်လည်း တရုတ်က နှုတ်ဆိတ်နေပါတယ်။ ဒီလိုနဲ့ အကြမ်းဖက်အာဏာသိမ်းအုပ်စုနဲ့ စစ်ကောင်စီပြုတ်ကျရေးအင်အားစုတို့ကြား တရုတ်ရဲ့ကြားဝင် ဘက်လိုက်မှုဟာ ပေါ်ထင်လာခဲ့ပြီး မင်းအောင်လှိုင်ကိုဖိတ်ထားရင် ပြန်သုံးသပ်ဖို့ အန်ယူဂျီရဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က သတိပေးမှုဟာလည်း ဉပက္ခေါပြုခံလိုက်ရပါတယ်။
စစ်ကောင်စီကျဆုံးပြီး အနောက်နိုင်ငံများနှင့်နီးစပ်တဲ့ NUG – PDF အင်အားစုများ နိုင်သွားမှာကို တရုတ်က လက်ခံမှာမဟုတ်ကြောင်း နိုင်ငံရေးထင်ကြေးတွေကို တရုတ်ရဲ့ဖိတ်ကြားမှုက သက်သေပြနေသလို မြင်ရပါတယ်။ အာဆီယံရဲ့ထိပ်သီးဆွေးနွေးပွဲများကို တက်ရောက်ခွင့်မရတဲ့ အကြမ်းဖက်ခေါင်းဆောင်ကို တရုတ်က ခုလိုလက်တွဲပြီး လူပွဲထုတ်လိုက်ခြင်းဟာ တဖက်မှာ အန်ယူဂျီရဲ့ နိုင်ငံရေးရေချိန်ကို သွေးတိုးစမ်းလိုက်တာဖြစ်ကြောင်း သုံးသပ်ရမှာပါ။ အာဏာသိမ်းပြီးနောက်ပိုင်း အဓိကအင်အားကြီးနိုင်ငံဖြစ်တဲ့ ရုရှ နှင့်ဒေသတွင်း အင်ဒိုနီးရှားနိုင်ငံတို့ကို စစ်ခေါင်းဆောင်သွားရောက်ထားဖူးပါတယ်။ မနက်ဖြန်ကစလို့ ငါးရက်ကြာမယ့် တရုတ်ခရီးစဉ်ကို မင်းအောင်လှိုင်အဖို့ အငမ်းမရ သွားပါတော့မယ်။ တုတ်ဝါးများကိုင်ပြီး သင်တန်းတက်ကာ တူမီးများကိုင်ပြီးတိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ဒါကို တရုတ်က ခုလိုဟန်မဆောင်နိုင်ဘဲ ဝင်ကူရတဲ့အထိ သမိုင်းတွင်လို့နေပါပြီ။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ဆောင်ပုဒ်ဟာ ပြည်သူများအတွက်တော့ ဟာသ ပဲ ဖြစ်ပါတယ်။ ပြည်သူ့အားနဲ့ရပ်တည်နေတဲ့ တော်လှန်ရေးရဲ့ပြတ်သားမှုကို တရုတ်က လက်ခံလိုက်ရပြီလို့ ယူဆပါတယ်။ ရှေ့ဆက်ပြီး တော်လှန်ရေးအောင်မြင်မှုကို တရုတ်က လက်ခံဖို့ပဲ ကျန်တော့တဲ့အကြောင်း “မင်းအောင်လှိုင်တရုတ်ခရီးစဉ်” ကို VOR က စုစည်းတင်ပြလိုက်ရပါသည်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ