ရခိုင်ပြည်နယ် အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပစ်မှတ်ထားနေတဲ့ ရခိုင့်တပ်တော်ဟာမူဆယ်မြို့အနီးမှာလည်း စစ်ကောင်စီနဲ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။ရခိုင်ပြည်နယ် အမ်းမြို့အနီးတဝိုက်မှာ နပခ ကိုသိမ်းပိုက်နိုင်ရေး တိုက်ပွဲပြင်းထန်နေကြသလို ရှမ်းမြောက်ဒေသ မူဆယ်မြို့တောင်ဘက် မန့်မိုင်ကျေးရွာမှာလည်း ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ စစ်ကောင်စီတိုက်နှင့် ရခိုင့်တပ်တော်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြပါတယ်။မူဆယ်အနီး မန့်မိုင်ဘက်ဟာ ရခိုင့်တပ်တော်က နေရာယူတပ်စွဲထားတဲ့နေရာဖြစ်ပြီး ယနေ့မနက် ၇ နာရီခန့်မှာ မန့်မိုင်တဝိုက်ကို စစ်ကောင်စီတပ်များ ဝင်ရောက်လာရာမှ ခုလိုတိုက်ပွဲ ဖြစ်ခဲ့ကြတာပါ။တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်တွေ ထိခိုက်မှုရှိကြောင်း ကြားရပြီး လက်နက်တချို့ကို ရခိုင့်တပ်တော်ဘက်က ရသွားကြောင်းလည်း သိရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။ မန့်မိုင်ကျေးရွာဟာ မူဆယ်တောင်ဘက် တမိုင်ခန့်အကွာမှာပဲ နီးကပ်စွာတည်ရှိပြီး အဆိုပါတဝိုက်မှာ MNDAA၊ TNLA ၊ AA စသည့်မဟာမိတ် ၃ ဖွဲ့အပြင် KIA နှင့် အခြားသောအဖွဲ့များလည်း မူဆယ်ကိုသိမ်းပိုက်ဖို့ နေရာယူတာစူထားကြပါတယ်။အခုမနက်တိုက်ပွဲဖြစ်တဲ့နေရာကတော့ ရခိုင့်တပ်တော်နေရာယူထားတဲ့ နေရာဖြစ်ပါတယ်။ မူဆယ်ဟာ တရုတ်ရဲ့ဖိအားကြောင့် တော်လှန်ရေးတပ်တွေက ဝင်ရောက်သိမ်းပိုက်ခြင်းမပြုလို့သာ ခုထိတိုင် စစ်ကောင်စီက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ “ တော်လှန်ရေးတပ်တွေရှိတဲ့ မန့်မိုင်သင်္ချိုင်းကုန်းဘက်သို့စကစတပ်တွေစစ်ကြောင်းထိုးဖို့ ကြိုးစားတာဖြစ်ကြောင်း နှင့် တရုတ်ကတော်လှန်ရေးတပ်ဖွဲ့တွေကိုဖိအားပေးထားတာကို သိတော့ အသာစီးရမလားဆိုပြီးတော့ ဝင်ရောက်ရာမှ တိုက်ပွဲတွေ စကြခြင်းဖြစ်ကြောင်း” ဒေသခံတဦးက ပြောပါတယ်။နယ်စပ်ကုန်သွယ်ရေးလည်း ရပ်နားထားရတဲ့ တရုတ်မြန်မာနယ်စပ်မူဆယ်ကို မြောက်ပိုင်းတပ်တွေဟာ ၁၀၂၇ ပထမပိုင်းကတည်းက ဝန်းရံပိတ်ဆို့ထားတာ ကြာခဲ့ပြီဖြစ်ပါတယ်။အခုလိုပဲ မူဆယ်နဲ့ ၃ မိုင်အကွာက နမ့်ခုတ်ရွာမှာလည်း ကိုးကန့်တပ်နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲ ဖြစ်ခဲ့ပါသေးတယ်။ KIA အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်တွေ ပိတ်ဆို့ထားတဲ့ မူဆယ်ကို စစ်ကောင်စီဟာ တရုတ်ရဲ့ထောက်ခံမှုရလာတဲ့နောက်ပိုင်း အခုလိုပဲ ရှင်းလင်းဖို့ကြိုးစားရာမှ တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါသည်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးမှာလည်း တော်လှန်တိုက်ပွဲတွေ ဖြစ်ပေါ်နေပါတယ်။ချောင်းဦး – မြင်းမူလမ်းပေါ် သံလွင်မြန်မာ စက်သုံးဆီဆိုင်အနီးမှာ နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၈ နာရီခန့်က ဖြစ်ပါတယ်။ လမ်းသွား ပြည်သူတွေဆီကနေ ပိုက်ဆံကောက်နေတဲ့ အင်အား ၁၀ ဦးပါ စစ်ကောင်စီအဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ကားနဲ့ အနီးကပ်သွားပစ်ခဲ့ကြတာပါ။ တိုက်ပွဲအပြီးမှာ ရန်သူ ၃ ဦးသေဆုံး၊ တဦး ဒဏ်ရာရသွားတယ်လို့ မုံရွာခရိုင် တပ်ရင်း ၁၁ က သတင်းထုတ်ပြန်ထားပါတယ်။ ကားနဲ့ဝင်ပစ်ရာမှာ ပစ်ခတ်မှုက ၂ မိနစ် ၃ မိနစ်ခန့်သာကြာပြီး လက်နက်ကောက်ဖို့ အခွင့်မသာခဲ့ဘူးလို့ တော်လှန်ရေးဘက်က ဆိုပါတယ်။ အောင်မြင်မှုကို ထုတ်ပြန်ရာမှာ ၁ ဦးနေရာတင်လဲကျသေဆုံးတာကို မျက်မြင်တွေ့ကြောင်း ချောင်းဦးဆေးရုံအရောက်မှာ နောက်ထပ် ၂ ဦးသေကြောင်း နှင့် ၃ ဦးဒဏ်ရာရကြောင်းကို မုံရွာခရိုင် တပ်ရင်း ၁၁ က အတည်ပြုပါတယ်။ အဲ့ဒီတိုက်ပွဲအပြီးမှာ မနက် ၁၀ နာရီခန့်မှာတော့ ငါးယှန်ကျေးရွာကနေ စစ်ကောင်စီတပ်တွေ ၆၀ မမ သုံးလုံးပစ်ခဲ့လို့ သန်းပင်ကန်ကျေးရွာနေအိမ် ၂လုံးပျက်စီးသွားကြောင်းတော်လှန်ရေးတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ခဲ့ကြသည်။စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာလည်း စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။ မနေ့က ဆပ်ကြေးကောက်နေတဲ့ တောပုပျူတွေကို ရှေ့ထွက်ပြောင်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်တဲ့အကြောင်း BRAVE HEART ARMY က သတင်းထုတ်ပြန်ခဲ့ပါတယ်။တိုက်ခိုက်မှုကြောင့် ပျူ ၂ ဦးသေပြီး ၁၀ ဦးကျော်ဒဏ်ရာရတယ်လို့ သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ တိုက်ခိုက်ခံရပြီးနောက် ပြည်သူကား ၂ စီးကိုချောဆွဲပြီး သေသူများကို မုံရွာနမခထဲ ပို့ဆောင်ခဲ့သလို အနီးဝန်းကျင်က ပြည်သူနေအိမ် ၃ လုံးကိုလည်း မီးရှို့သွားကြောင်း သိရပါတယ်။ BHA နဲ့ CFG တို့ဖော်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုမှာ တော်လှန်ရေးဘက်ကတော့ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။
KIA / PDF တွေ အောင်မြင်အောင်တိုက်ခိုက်နိုင်ခဲ့တဲ့ ဖားကန့်ဆိုင်းတောင်ရွာကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာနေကြပါတယ်။ ခုလိုစစ်ရေးတင်းမာဖို့ ရှိနေတာကြောင့် ကြိုတင်ရှောင်တိမ်းဖို့လိုမှာဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြည်သူတွေကို သတိပေးထားပါပြီ။ဆိုင်းတောင်အနီးက ယူမာကျောက်စိမ်းရုံးမှာ တပ်အထိုင်ချပြီး စစ်ကောင်စီက စစ်ရေးပြန်လည်ပြင်ဆင်နေကြောင်း သတင်းများအရ သိရတာပါ။ ဆိုင်းတောင်ရဲစခန်းအပါအဝင် လပ်ကီးမန်းဟိုတယ်မှာ အထိုင်ချခဲ့ဖူးတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA PDF တပ်တွေက စက်တင်ဘာ ၁၂ ရက် နှင့် အောက်တိုဘာ ၈ ရက်နေ့များမှာ အပြီးသတ်ချေမှုန်းနိုင်ခဲ့တာဖြစ်ပြီး ခုတော့ စစ်ကောင်စီက မကျေပွဲနွှဲဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ “စစ်တပ်က ဆိုင်းတောင်ကို ပြန်မဲနေလို့ တိုက်ပွဲက ဖြစ်ဦးမှာသေချာကြောင်း “ ဖားကန့်မြို့ခံတဦးက ပြောပါတယ်။ စစ်ကောင်စီဟာ အောက်တိုဘာ ၃၁ ရက်နေ့က ကေအိုင်အေ တပ်မဟာ ၉ နယ်မြေကို ဗုံးကြဲခဲ့သေးတာဖြစ်ပြီးဖားကန့်မြို့ပေါ်ကိုလည်း လေယာဉ်ဝဲပြီး ကင်းထောက်နေကြကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဆိုင်းတောင်တိုက်ပွဲပြင်းထန်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံးပြီး စစ်ကောင်စီရဲ့လက်နက်ကြီး လေကြောင်းဒဏ်ကြောင့် နေအိမ်အမြောက်အမြား မီးလောင်ဆုံးရှုံးထားပါသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ