စစ်တပ်က အချိန်အတော်ကြာ လေကြောင်းက ထောက်လှမ်းပြီးမှ ဗုံးကြဲချတာလို့ ဆို
ဇူလိုင် ၁၅၊ VOR
မနေ့က ဇူလိုင်လ ၁၄ ရက်နေ့ မနက် ၂ နာရီ လောက်မှာ ပြည်သူများ အိပ်ပျော်နေစဉ် ကိုးကန့်တပ် MNDAA အုပ်ချုပ်တဲ့ လောက်ကိုင်မြို့ တုံချိန်ဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲမှုကြောင့် ပြည်သူ ၁ဦး သေဆုံးပြီး ၁ဦးဒဏ်ရာရရှိကာ အဆောက်အဦးတွေ ပျက်စီးခဲ့ရတယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။
” မင်းအောင်လှိုင်အာဏာသိမ်းစစ်တပ်က အချိန်အတော်ကြာ လေကြောင်းမှ ထောက်လှမ်းပြီးနောက် လောက်ကိုင်မြို့အား ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ် ဆီအောရွာနေသူဖြစ်ပြီး ဦးခေါင်းအနောက်ပိုင်းမှာ ဒဏ်ရာရရှိခဲ့ခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကာ ရုပ်အလောင်းကို (Dongcheng )တုံချိန်ဒေသအစိုးရရဲ့ စီစဉ်ပေးမှုနဲ့ လုပ်ငန်းအဖွဲ့က မီးသဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။
အခုတစ်ကြိမ်တိုက်ခိုက်မှုကြောင့် တုံချိန်ဒေသရှိ Royal Lever Hotel နဲ့ Dongcheng International Hotel များထိခိုက်ခဲ့ပြီး ပေါက်ကွဲအားကြောင့် အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦးများလည်း ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
MNDAA သတင်းထောက်က Dongcheng International Hotel သို့ သွားရောက်စစ်ဆေးခဲ့ရာ ပြင်းထန်သောပေါက်ကွဲမှုကြောင့်ပင် ငါးလွှာအခန်းမှ အပြစ်မဲ့ပြည်သူတစ်ဦး ကံမကောင်းစွာပင် သေဆုံးခဲ့ရကြောင်း၊ အပေါ်ထပ်များမှာ နေထိုင်သူတွေနဲ့ ကွယ်လွန်သူရဲ့ဆွေမျိုးများအပါအဝင် အများစုဟာ ပစ္စည်းများ ဘေးကင်းရာသို့ ပြောင်းရွှေ့နေကြသည်ကို တွေ့ခဲ့ရကြောင်း၊ ပဉ္စမထပ်ရှိ အခင်းဖြစ်ပွားရာနေရာကို သန့်ရှင်းရေးလုပ်ကာ သေဆုံးသူကို မီးသဂြိုလ်ဖို့ ပို့ဆောင်ထားပြီး အခန်းကိုလည်း သန့်ရှင်းရေးလုပ်ထားကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ Royal Lever Hotel မှာလည်း လေကြောင်းတိုက်ခိုက်မှု စတင်ခဲ့ပြီး ပထမအကြိမ်မှာပင် ဟိုတယ်ကို ထိမှန်ခဲ့ပြီး အပေါ်ဆုံးထပ် ဆိုးရွားစွာပျက်စီးခဲ့ရကြောင်း၊ ၎င်းနေရာဟာ ဝန်ထမ်းအိပ်ဆောင်ဖြစ်ပြီး ထိုအချိန်၌ ဝန်ထမ်းများရှိမနေတဲ့အတွက် ထိခိုက်မှုမရှိကြောင်း၊ တတိယထပ်ရှိ လူဦးရေ ၂၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရပါတယ်။
စစ်တပ်ဟာ လူနေရပ်ကွက်များကို ပစ်မှတ်ထားပြီး ကိုးကန့်တပ် အုပ်ချုပ်တဲ့ သိန္နီခရိုင်ရှိ စာသင်ကျောင်းများနဲ့ ဘုန်းကြီးကျောင်းများကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။





More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်