နွေဦးတော်လှန်ရေး ၃နှစ်ပြည့် အပြင်မထွက် အသံတိတ်သပိတ် (Silent Strike) နှင့် အဖြူရောင် လှုပ်ရှားမှု (White Campaign) တွင်ပြည်သူလူထုတစ်ရပ်လုံး လှည်းနေလှေအောင်းမြင်းစောင်းမကျန်ပါဝင်ကြရန် ဦးမင်းကိုနိုင်၊ ဒေါက်တာတေဇာဆန်းအပါအဝင် သပိတ်ခေါင်းဆော်များက တိုက်တွန်းထားသည်။
❐ အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike)
(ဖေဖော်ဝါရီ ၁ ရက်နေ့၊ မနက် ၁၀ နာရီ မှ ညနေ ၄ နာရီအတွင်း)
Silent Strike (အပြင်မထွက်၊ အသံတိတ်သပိတ်) ဟေ့ဆိုရင် ပြည်သူအားလုံး ရင်းနှီးကျွမ်းဝင်ကြပြီးသားပါပဲ။ နေရာဒေသမရွေး လူထုအားလုံး ပါဝင်နိုင်တဲ့ တိုက်ပွဲနည်းနာကြီးဖြစ်သလို စစ်အာဏာရူးတွေ ဒူးတုန်အောင်ကြောက်တဲ့ သပိတ်ကြီးပါ။ မြန်မာလူထုရဲ့ တော်လှန်စိတ်၊ ဇွဲသတ္တိနဲ့ စုစည်းညီညွတ်မှုကို တကမ္ဘာလုံးက အသိအမှတ်ပြု၊ အံ့ဩကြရတဲ့ တိုက်ပွဲနည်းနာကြီးလည်း ဖြစ်ပါတယ်။ ဒီနည်းနာက အသံတိတ်ပေမယ့် အလံလိပ်တာ လုံးဝ မဟုတ်ပါဘူး။ ငါတို့ မြို့၊ ငါတို့ ဒေသ ငါတို့ ပိုင်တယ်။ ငါတို့ ငြိမ်ချင် ငြိမ်မယ်၊ ငါတို့ လှုပ်ချင် လှုပ်မယ်ဆိုတာ ပြည်သူ့သတင်းစကားပဲ။ စစ်အာဏာရူးတွေ ငါတို့ကို “လုံးဝ အုပ်ချုပ်ခွင့်မရစေရ” ဆိုတာ ကျွန်ုပ်တို့လူထုကြီးရဲ့ ကြွေးကြော်သံ။
ဒီ Silent Strike ရဲ့ ဆိုလိုရင်းက အဲ့ဒီရက်၊ အဲ့ဒီအချိန်တွင်း လမ်းမတွေမှာ၊ အများပြည်သူဆိုင်ရာ နေရာတွေမှာ တိတ်ဆိတ် ခြောက်ကပ်နေဖို့ပဲ။ ပြည်သူတွေက အပြင်ကို မထွက်ကြဖို့ပဲ။ ကိုယ့်အိမ်၊ ကိုယ်ဈေးဆိုင်၊ ကိုယ့်ရုံး၊ ကိုယ့်အမိုးအကာအောက်မှာပဲ နေကြဖို့ပါပဲ။ Silent Strike ကို ပညာသားပါပါနဲ့ ဖော်ဆောင် ဆင်နွှဲကြမယ်နော်။
❐ အဖြူရောင် လှုပ်ရှားမှု (White Campaign)
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖြူရောင်လှုပ်ရှားမှုကို (၂၀၀၇) ရွှေဝါရောင််တော်လှန်ရေးမတိုင်ခင် ကာလများကတည်းက ဖော်ဆောင်ခဲ့ကြဖူးပါတယ်။ လူထုနဲ့ မစိမ်းလှပါဘူး။ အက်ျီအဖြူ၊ ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူအစရှိတဲ့ အဖြူရောင် အဝတ်အစား၊ အသုံးအဆောင်တွေကို ပြည်သူအားလုံးက အဆင်ပြေသလို ဝတ်ဆင်ကြတဲ့ လှုပ်ရှားမှုပါ။
အခု ပြည်တွင်းပြည်ပ လူထုတရပ်လုံး ပူးပေါင်းဖော်ဆောင်ကြမယ့် အဖြူရောင်လှုပ်ရှားမှုကနေ အဓိက ရည်ရွယ်တောင်းဆိုချက် (၃) ခု ရှိပါတယ်-
(၁) အာဏာသိမ်းစစ်အုပ်စုကို လေယာဉ်လောင်စာဆီ ရောင်းချ၊ သယ်ယူပေးနေကြတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး ရပ်တန်းက ရပ်ကြဖို့၊
(၂) အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေကို အတင်းအဓမ္မ ကောက်ခံနေတဲ့ “သွေးစွန်းအခွန်အခ” တွေ လုံးဝ မပေးဆောင်ကြဖို့၊
(၃) အာဏာသိမ်းစစ်အုပ်စုရဲ့ အစတေးခံ၊ ထိုးကျွေးခံ ဘဝ ရောက်နေပြီဖြစ်တဲ့ မြေပြင်တပ်မှူးတပ်သားများအနေနဲ့ အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့၊ အလင်းဝင်ကြဖို့၊ “အလံဖြူ” ထောင်ကြဖို့။
White Campaign ကိုတော့ တော်လှန်ရေး (၃) နှစ်ပြည့် တရက်တည်းအတွက်သာမကဘဲ ရှေ့ဆက်လည်း အပတ်စဉ် တနလ်ာနေ့တိုင်း ဖော်ဆောင်သွားကြဖို့ပါ။ အထူးသဖြင့် နိုင်ငံတကာရောက် ရဲဘော်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း White Campaign ကို ပြည်ပမှာ အစွမ်းကုန် ဆင်နွှဲကြဖို့ အားခဲပြင်ဆင်နေကြပါတယ်။ ပြည်တွင်းပြည်ပ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြဖို့ပါပဲ။
ကျွန်ုပ်တို့ ပြည်သူတရပ်လုံး မျှော်ရည်တဲ့ အဆုံးသတ်အောင်ပွဲဆီကို လူထုတော်လှန်လှိုင်းလုံးကြီးတွေနဲ့အတူ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ချီတက်ကြပါစို့။





More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ