ဇန်နဝါရီ ၂၆၊ VOR
ပေါက်တောမြစ်ဝနှင့် ကုလားတန်မြစ်ကြားရှိ ပေါက်တောမြို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် ရက္ခိုင့်တပ်တော် AA အလံလွှင့်ထူကာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
ပေါက်တောမြို့တွင် ရက္ခိုင့်တပ်တော် အလံလွှင့်ထူထားသည့် သတင်းဓာတ်ပုံကို ယနေ့ ဇန်နဝါရီ ၂၆ရက် ၁၀၂၇ စစ်ဆင်ရေး၏ ၉၁ ရက်မြောက်နေ့ သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ဇန်နဝါရီ ၁၉ရက်နေ့တွင် စစ်ကောင်စီက ကြည်းရေလေသုံးပြီး ပေါက်တောမြို့ တစ်မြို့လုံးကို တိုက်ခိုက်ခဲ့သော်လည်း ညနေပိုင်းတွင် မြို့ပေါ်၌ တပ်စွဲထားသော စစ်သားများကို စစ်ရေယာဉ်ဖြင့် လာရောက် ခေါ်ဆောင်သွားပြီးနောက် AA က မြို့ကို သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် မြို့ ၅မြို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေပြီး ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ရေး အစွမ်းကုန်တိုက်ခိုက်သွားမည်ဟု ယမန်နေ့က ကြေညာခဲ့သည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝဒေသနှင့် မြို့ကို ဇန်နဝါရီ ၁၄ ရက်နေ့က AAက သိမ်းယူခဲ့ပြီး စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ကြေညာခဲ့ကာ ရခိုင်မြောက်ပိုင်းတွင် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော်က ပထမဆုံးသိမ်းပိုက်နိုင်ခြင်းဖြစ်သည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်