ဇန်နဝါရီ ၂၅၊ VOR
ရက္ခိုင်ဒေသတွင်း၌ ပေါက်တောမြို့အား ရက္ခိုင့်တပ်တော် (AA) မှ အလုံးစုံထိန်းချုပ်ထားပြီးဖြစ်သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
ထို့ပြင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များရှိ လက်နက်ချအညံ့မခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်ဟု သိရသည်။
ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ တပ်မ ဌာနချုပ်နှင့် အထိုင်ချစခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရယူရန် ကြိုးစားလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရက္ခိုင်ပြည်၊ မောင်တောအခြေစိုက် စစ်ကောင်စီ၏ “မောရဝတီဗျူဟာ” မှ ယနေ့၊ နံနက် (၉) နာရီ (၄၀) မိနစ်အချိန်ခန့်၌ အရပ်သားပြည်သူများနေထိုင်ရာ မြို့နှင့် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် (၆) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အဆိုပါစခန်းသည် မိမိတို့ပြည်သူလူထုအား လက်နက်ကြီးအားကိုးဖြင့် နှစ်ရှည်လများ အနိုင်ကျင့် ဗိုလ်ကျနေ သည့် ရန်သူ့တပ်စခန်းကြီးပင်ဖြစ်သည်ဟု ဆိုသည်။
ထိုသို့အကြမ်းဖက်ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် (၁) လုံးမှာ မောင်တောမြို့နယ်၊ ဇော်မတက်အုပ်စု၊ ကိုင်းကြီး (မြို) ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ အသက် (၁၅) နှစ်အရွယ် ဒေသခံမိန်းကလေးငယ် (၁) ဦးအပါအဝင် (၁၀) နှစ်အရွယ်ယောကျာ်းလေး (၁) ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဤသို့ ပြည်သူလူထုကိုသတ်ဖြတ်နေသော စခန်းများ ကိုလည်း မနှေးအမြန် တိုက်ခိုက်သိမ်းယူသွားမည်ဖြစ်ကြောင်း ကြေညာသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်