ဇန်နဝါရီ ၂၄၊ VOR
ကရင်နီပြည်နယ်အတွင်း တစ်ပြိုင်တည်း စုပေါင်းဘက်ပြောင်းမှု အစီအစဥ်တစ်ရပ်အား အကောင်အထည်ဖော်ဆောင်လျက် ရှိရာ ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီတပ်ရင်း အချို့မှတာဝန်ရှိသူများ နှင့် ဘက်ပြောင်းရေးနှင့်စပ်လျဥ်း၍ ကနဦး ညှိနှိုင်းသဘောတူမှု များ ရရှိထားပြီးဖြစ်သည်ဟု KNDF သတင်းနှင့်ပြန်ကြားရေးက ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်မှုကို “ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်ရင်းများ ပြည်သူဘက်သို့ ဘက်ပြောင်းရေး တိုက်တွန်းချက်” တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲနယ်မြေများအတွင်း လက်နက်ချ အညံ့ခံသူများကို စစ်သုံ့ပန်းအဖြစ် နိုင်ငံတကာဥပဒေများနှင့်အညီ ကောင်းမွန်စွာ ဖမ်းဆီးထိန်းသိမ်းထားလျက်ရှိကြောင်း ထို့အတူ ဘက်ပြောင်းလိုသူများ ကိုလည်း ဘက်ပြောင်းရေးအစီအမံအရ ၄င်းတို့ လက်ရှိရာထူးရာခံများအတိုင်း တော်လှန်ရေး အစိုးရဘက် တွင် ပြန်လည် ထမ်းဆောင်ရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကရင်နီပြည်နယ်အတွင်း နှစ်ရှည်လများ မှီတင်းနေထိုင်ခဲ့သည်များကို ထောက်ထားကာ ကရင်နီပြည်သူများနှင့် အတူရပ်တည်ပြီး အာဏာရှင်အားဆန့်ကျင်ရန်နှင့် တပ်ရင်းအလိုက်၊ မိသားစုများအလိုက် ကရင်နီပြည်သူ့ဘက်သို့ ဘက်ပြောင်းရန် အထူးတိုက်တွန်း လိုသည်ဟု ဆိုသည်။
မိသားစုများအလိုက် ဖြစ်စေ တပ်ရင်းအလိုက် ဘက်ပြောင်းလာသူများကို တော်လှန်ရေးတပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ လှိုက်လှဲစွာကြိုဆိုပြီး ဘက်ပြောင်းရေးအစီအမံအတိုင်း အထူးအကျိုး ခံစားခွင့်များကို စီမံဆောင်ရွက် ပေးမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကရင်နီပြည်နယ်သို့ ၂၀၂၁ ခုနှစ် နှစ်လယ် နောက်ပိုင်း စစ်ဆင်ရေးများဆောင်ရွက်ရန် ရောက်ရှိလာသော တပ်မ (၆၆)၊ တပ်မ (၅၅) လက်အောက်ရှိ စစ်ကောင်စီတပ်ရင်းများသည် တော်လှန်ရေးတပ်ဖွဲ့များ၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် တပ်ရင်းအလိုက် ထိခိုက် ကျဆုံးမှုများဖြင့် တပ်မများ ဖွဲ့စည်းပုံပျက်ကာ အင်းအားချည့်နှက်လျက်ရှိသည်။
(၁၁.၁၁) စစ်ဆင်ရေးအတွင်း အဆိုပါ တပ်မများမှ လှုပ်ရှားစစ်ကြောင်းများ၊ စစ်ကူစစ်ကြောင်းများမှာလည်း ထပ်မံခြေမှုန်းခံရကာ အများအပြားသေဆုံးပြီး လက်နက်ချ အညံ့ခံသူများနှင့် ဖမ်းဆီးခံရသူများမှာလည်း ဦးရေ ရာဂဏန်း နီးပါးရှိခဲ့သည်ဟု သိရသည်။
ကရင်နီပြည်အတွင်း အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှု၊ ပြည်သူ့အိုးအိမ်စည်းစိမ်များ အား မီးရှို့ဖျက်စီးမှု စသော စစ်ရာဇဝတ်မှုများကို ကျူးလွန်သူများဖြစ်သည့်အားလျော်စွာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ၄င်းတို့အား အပြီးသတ် ချေမှုန်းရန် ယတိပြတ် မူဝါဒချမှတ်ထားပြီးဖြစ်သည်ဟု ဆိုသည်။
မိသားစုများအလိုက် ဖြစ်စေ တပ်ရင်းအလိုက် ဘက်ပြောင်းလာသူများကို တော်လှန်ရေးတပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ လှိုက်လှဲစွာကြိုဆိုပြီး ဘက်ပြောင်းရေးအစီအမံအတိုင်း အထူးအကျိုး ခံစားခွင့်များကို စီမံဆောင်ရွက် ပေးမည်ဟု သိရသည်။
မကြာမီတွင် တပ်ရင်းအလိုက်ဘက်ပြောင်းမှုများကို ကရင်နီပြည် မြို့နယ်အချို့တွင် အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း အာဏာရှင်အား ကျောခိုင်းခြင်းဖြင့် ပြည်သူ့ အောင်ပွဲတွင် ပါဝင်နိုင်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်တွင် သာယာလှပသော ဘဝအနာဂတ်များကို မိမိတို့မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ရန်အတွက် ပြည်သူဘက်သို့ ဘက်ပြောင်းရန် အလေးအနက် တိုက်တွန်း ထုတ်ပြန်ထားသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်