ဇန်နဝါရီ ၂၀၊ VOR
ရှမ်းမြောက်ဒေသ မိုးမိတ်မြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး ယမန်နေ့ညက မိုးမိတ်မြို့လယ်ခေါင်ရှိ မိုးမိတ်မြို့မဈေး(စည်ပင်သာယာ ဈေးဟောင်း) မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၁၉ရက်နေ့ ညနေ ၇နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်က ဗုံးကြဲခဲ့မှုကြောင့် မိုးမိတ်မြို့မဈေးမီးလောင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ကလည်း မီးငြိမ်းသတ်နိုင်ခြင်းမရှိကြောင်း သိရသည်။
မိုးမိတ်မြို့ရှိ စစ်ကောင်စီ တပ်စခန်းများကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက် မနက်ကစ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်က ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ နေ့လယ် ၁၂ နာရီခန့်မှာပင် KIA ပူးပေါင်းတပ် က မိုးမိတ် ရဲစခန်းကို တိုက်ဖို့ ဝိုင်းထားချိန် အလံဖြူထောင်ပြီး အလင်းဝင်ရောက်ခဲ့သည်။
ဇန်နဝါရီ လဆန်းပိုင်းမှစ၍ မိုးမိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ မန်ပတ်တပ်စခန်း၊ စင့်ကင်တပ်စခန်းနှင့် နမ့်ခွယ်တပ်စခန်း ၃ ခုကို TNLA တပ်ဖွဲ့၊ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
လက်ရှိအချိန်တွင် KIA ပူးပေါင်းတပ်က မိုးမိတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ ၃၄၈)၊ ခြေလျင်တပ်ရင်း (ခလရ ၂၇၆)၊ ၂၂၃ တပ်တို့အခြေစိုက်သည်။
ခရိုင်မြို့တော် မိုးမိတ်မြို့တွင် လူဦးရေ ၁ သောင်းကျော်နေထိုင်ပြီး တိုက်ပွဲများပြင်းထန်နေသဖြင့် ပြည်သူသေဆုံးမှုနှင့် ဒဏ်ရာရမှုများရှိနေပြီး မိုးမိတ်မြို့အတွင်းမှ ပြည်သူများမထွက်ခွာနိုင်ဘဲ ပိတ်မိနေကြောင်း ဒေသတွင်း မီဒီယာများထံက သိရသည်။
မိုးမိတ်မြို့သည် မိုးကုတ်မြို့နှင့် ၂၈ မိုင် ကွာဝေးပြီး နယ်နိမိတ်အားဖြင့် မြောက်ဘက်တွင် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ အရှေ့ဘက်တွင် သိန္နီနယ်နှင့် တောင်ဘက်တွင် သီပေါနယ်၊ အနောက်ဘက်တွင် ရွှေဘိုခရိုင်တို့ဖြင့်ဆက်စပ်နေသဖြင့် မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးပါက ရွှေဘို လွင်ပြင်မှ အညာနယ်ဝှမ်းတစ်ခုလုံးသည် ရှမ်းမြောက်နှင့် ဆက်စပ်သွားပြီဖြစ်သဖြင့် စစ်ကောင်စီအတွက် အကြပ်ရိုက်နိုင်သည်ဟု စစ်ရေးလေ့လာသူများက ဆိုထားသည်။

 
                         
                                                                             
                                                                             
                                                                             
                                                                             
                                                                             
                


 
                                         
                                         
                                         
                                        
More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်