ဇန်နဝါရီ ၁၇၊ VOR
ကိုးကန့်တပ်များ အခြေချရာနေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဝင်ရောက်လာကာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်သဖြင့် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ဇန်နဝါရီ ၁၆ရက်နေ့ ညနေ (၄:၀၅) အချိန်မှ (၄:၂၅) အချိန်ကြား၌ ကိုးကန့်ဒေသတွင်း စစ်ကောင်စီ လက်ကျန်တပ်ဖွဲ့ဝင်အချို့သည် ကိုးကန့်တပ်ဖွဲ့ဝင်များ အခြေချတပ်စွဲထားရာ ကချင်တောင်ဘက်၏ မီတာ (၃၀) အကွာအဝေးသို့ ဝင်ရောက်လာကာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် မိနစ် (၂၀) ကျော် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မဟာမိတ်အဖွဲ့၏ ပြန်လှန်ထိုးစစ်ကို မခံနိုင်ဘဲ တပ်ဆုတ်ခွာပြေးခဲ့ကြောင်း ထို့နောက် (၆၀) မမ လက်နက်ကြီးဖြင့် (၃) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးကြီးနှင့်အတူ ၎င်းတို့ ထုတ်ပြန်ထားပြီးဖြစ်သော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော်လျက်ရှိသည်ဟု ယမန်နေ့ ဇန်နဝါရီ ၁၇ရက်နေ့ စစ်ဆင်ရေး ၈၂ရက်မြောက် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ရှမ်းမြောက်ဒေသအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဘက်မှ စတင်ထိုးစစ်ဆင်ခြင်းမရှိသေးသည့်အတွက် ယခုရက်များအတွင်း နှစ်ဘက်ကြား ထိတွေ့တိုက်ပွဲ ကြီးကြီးမားမား မရှိခဲ့သော်လည်း ဇန်နဝါရီလ (၁၃) ရက်နေ့မှ စတင်ကာစစ်ကောင်စီမှ ညီနောင်သုံးဖွဲ့အပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများ ရှိနေခဲ့သည်။
အလားတူပင် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများသည် ယခင်အတိုင်း ရှိနေခဲ့သည်ဟု သိရသည်။


More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်