ဇန်နဝါရီ ၁၃၊ VOR
အာရက္ခပြည်သူလူထုများကို ဆယ်စုနှစ်များစွာ ဒုက္ခပေးနေသော ရက္ခိုင်ဒေသတွင်းရှိ စစ်ကောင်စီ၏ အထိုင်ချတပ်စခန်းများနှင့် ဗျူဟာကုန်းများအား ရက္ခိုင့်တပ်တော် (AA) မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ယနေ့ ဇန်နဝါရီ ၁၃ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။
ထို့ပြင် စစ်ကောင်စီက ရခိုင်ဒေသတွင်း လက်နက်ကြီးပစ်ခတ်မှုနှင့် ပြည်သူများအား သတ်ဖြတ်နေမှုကြောင့် ယမန်နေ့တစ်ရက်ထဲမှာပင် ပြည်သူ ၉ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရရှိသူများရှိကာ နေအိမ်ပျက်စီးမှုများလည်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ယမန်နေ့၊ ညနေ (၃) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် စစ်ကောင်စီနေဗီမှ တပ်ဖွဲ့ဝင် (၁၀) ကျော်ခန့်သည် မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်သို့ လက်နက်အင်အားအပြည့်အစုံဖြင့် အကြမ်းဖက်ဝင်ရောက်လာကာ ဒေသခံ (၁) ဦး၏ နေအိမ်ကို ဖြိုဖျက်ခဲ့ပြီး ၎င်းအိမ်ထဲ၌ ပုန်းအောင်းနေကြသည့် ဒေသခံအမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၂) ဦးတို့အား လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု သိရသည်။
ယမန်နေ့၊ နေ့လယ် (၂) နာရီအချိန်ခန့်တွင် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တမန်းသားအခြေစိုက် နယ်ခြားစောင့်တပ်စခန်းမှ မောင်တောမြို့နှင့် အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် မောင်တောမြို့နယ်၊ သက်ကညှာကျေးရွာ၌ လာရောက်စစ်ဘေးရှောင်နေသူ အသက် (၂၅) နှစ်အရွယ် အမျိုးသမီး (၁) ဦးသေဆုံးခဲ့ရသည်ဟု သိရသည်။
ထို့အပြင် အသက် (၁၁) နှစ်အရွယ် ယောကျ်ားလေး (၁) ဦး အပါအဝင် အမျိုးသမီး (၂) ဦး တို့မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ယမန်နေ့ ညနေ (၅) နာရီ (၁၀) မိနစ်အချိန်ခန့်ကလည်း ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ မယ်တော်တောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းမှ ပိုက်သည်ကျေးရွာအား လက်နက်ကြီး (၃) လုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံ အမျိုးသား (၁) ဦး အပါအဝင် အမျိုးသမီး (၁) ဦးတို့မှာ လက်နက်ကြီးကျည်ထိမှန်ခဲ့၍ ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟု သိရသည်။
အလားတူပင် အသက် (၆) နှစ် နှင့် (၁၃) နှစ်အရွယ် မွတ်ဆလင် ယောကျ်ားလေး (၂) ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
တစ်နေ့တည်းမှာပင် နေ့လယ် (၁၂) နာရီကျော်ကလည်း ကြပ်စင်မြစ်ကြောင်းအတိုင်း ပေါက်တောဘက်သို့ ဦးတည်သွားလာနေသော စစ်ကောင်စီ၏နေဗီသင်္ဘော (၂) စီးမှ မြစ်ကြောင်းတစ်လျှောက်၌ရှိသော ကျေးရွာများအား လက်နက်ကြီး (၁၀) လုံးထက်မနည်း ရည်ရွယ်ချက်ရှိရှိ တမင်တကာပစ်ခတ်တိုက်ခိုက်ခဲ့ရဦ လက်နက်ကြီး(၁) လုံးသည် မင်းပြားမြို့နယ်၊ ကြောင်ရှည်ချောင်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ ဒေသခံ (၁) ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ရပြန်သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရက္ခိုင်ပြည်၊ ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ “ခမရ (၃၇၆)” တပ်ရင်းအနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားသော စွန့်လွှတ်မိုင်းအား တက်နင်းမိ၍ အသက် (၂၈) နှစ်အရွယ် ဒေသခံမွတ်ဆလင် (၁) ဦး ဘယ်ဘက်ခြေ ထောက် ပြတ်ထွက်သွားပြီး ညာဖက်ခြေထောက်တွင်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့၊ ညနေ (၄) နာရီ (၅၀) မိနစ်အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ကဇုကိုင်း တောဟိန်းတောင်ဗျူဟာကုန်းမှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကမ်းထောင်းကြီးမြို့နယ်၊ သရက်တောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရာမှ အသက် (၆၅) နှစ်အရွယ် ဒေသခံအမျိုးသား (၁) ဦး သေဆုံးသွားခဲ့ပြီး နေအိမ် (၁) ဆောင်မှာလည်း မီးလောင်ပျက်စီးခဲ့ရသည်။
ယမန်နေ့တစ်ရက်တည်းတွင် ရက္ခိုင်ပြည်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များ၏ မြို့ပေါ်ရပ်ကွက်များ အပါအဝင် အနီးအနားကျေးရွာများအား စစ်ကောင်စီတပ်စခန်းများနှင့် နေဗီသင်္ဘောများမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သကဲ့သို့ တိုက်ခိုက်ရေးရဟတ်ယာဉ်များမှလည်း လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့သည်။
ထို့ကြောင့် ယမန်နေ့၊ နေ့လယ် (၁၂) နာရီကျော်အချိန်ခန့်တွင် ရန်သူ့ဇက်ရေယာဉ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ထိမှန်ခဲ့၍ မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာမှ နေအိမ် (၄) လုံးနှင့် သက်ပုန်းကျေးရွာမှ နေအိမ် (၁၂) လုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။


More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ