ဇန်နဝါရီ ၁၃၊ VOR
တိုက်ပွဲများပြင်းထန်နေသည့် ကရင်နီပြည်တွင် စစ်ရှောင်ကျောင်းသူကျောင်းသားများနှင့် ဒေသခံပြည်သူများ စိုက်ပျိုးခဲ့သည့် နှစ်ရှည်ပင် အပင်ပေါင်း ၁၁၀၀၀ စိုက်ပျိုးမှုသည် ၄လအတွင်း ၉၀ ရာခိုင်နှုန်း အောင်မြင်နေပြီဖြစ်ကြောင်း စိမ်းလန်းမြေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့-Green land ထံကသိရသည်။
စိမ်းလန်းမြေသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ရှမ်းတောင်နယ်စပ် နှင့် ကရင်နီ (ကယား) တောင်တန်းဒေသကို သဘာဝသစ်တောများဖြင့် စိမ်းလန်းစိုပြေစေရန်ရည်ရွယ်၍ မေလ၊ ၂၈ ရက်နေ့တွင် နှစ်ရှည်ပင်များစိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
ယခင်က သစ်အလွန်အကျွံထုတ်လုပ်မှု၊ ရွှေ့ပြောင်းတောင်ယာစနစ်အသုံးပြုမှု၊ ထင်းခုတ်မှု စသည့် သစ်တော ပြုန်းတီးစေမှုတို့ကြောင့် ခြောက်သွေ့ပျက်စီးလာသည့် တောင်တန်းဒေသကို ပြန်လည်စိမ်းလန်းစိုပြေစေရန်“Green Land” အဖွဲ့က တောင်တန်းဒေသ မြေဆီလွှာနှင့် ကိုက်ညီသည့် သစ်မာပင်၊ ပျိုးပင်များ စိုက်ပျိုးမည်ဖြစ်ပြီး ရေရှည်စောင့်ကြည့် ပျိုးထောင်သွားမည်ဖြစ်ကြောင်း Green Land မှ တာဝန်ရှိသူ မတူးမေက VOR ကိုပြောသည်။
“အခု ကရင်နီနဲ့ ရှမ်းတောင်ဒေသမှာ ၉၀ရာခိုင်နှုန်းအောင်မြင်တယ်ပေါ့နော် အခုဆိုရင် အပင်တွေက ၄ပေကျော်ထိမြင့်နေပြီ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အသိပညာပေးဖို့ လုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ရှိပါတယ်”ဟု ဆိုသည်။
ကရင်နီပြည်တွင် တိုက်ပွဲကာလကြာမြင့်ခဲ့သလို လက်နက်ကြီးဘေးကြောင့် စစ်ရှောင်ပြည်သူများ အကြိမ်ကြိမ် ရွှေ့ပြောင်းနေထိုင်ရသဖြင့် လိုအပ်သော သစ်ဝါးခုတ်ထွင်မှုများလည်း တိုးမြင့်မှုကြောင့် တစ်ချို့နေရာများတွင် သစ်၊ ဝါးပြတ်သည်အထိဖြစ်ခဲ့ရသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းလျှင် တောင်တန်းဒေသ ဒေသခံများ၏ လူနေမှုဘဝဆင်းရဲသာမက စားနပ်ရိက္ခာငတ်ပြတ်မှုများ ဖြစ်ပေါ်လာပြီး အမျိုးသမီးနှင့် ကလေးများ အာဟာရချို့တဲ့မှုများဖြစ်လာနိုင်ကာ ခုခံအားကျဆင်းပြီး ဝမ်းရောဂါ၊ အရေပြားရောဂါ၊ အမျိုးမျိုးသောရောဂါ စသည်ဖြင့် လွယ်လင့်တကူဖြစ်ပွားနိုင်ကြောင်း Green land အဖွဲ့ဝင် တစ်ဦးက VOR ကိုပြောသည်။
“လာမယ့်နှစ်မှာလဲ ထပ်စိုက်သွားမယ် အလှပင်၊ နှစ်ရှည်ပင်၊ သစ်မာပင် စသဖြင့်စိုက်မှာပါ သဘာဝပတ်ဝန်းကျင်က တောင်တန်းဒေသသာမက အားလုံးနဲ့ သက်ဆိုင်တာမို့ ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု Greenland အဖွဲ့ဝင် တစ်ဦးက VOR ကိုပြောသည်။
မြစ်ရေကြီးခြင်း၊ မြေပြိုခြင်း၊ ရာသီဉတု မမှန်ခြင်း စသည်တို့သည် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ရေကြီးမှု မြေပြိုမှုဖြစ်စဉ်များ များပြားလာခဲ့ပြီး ၂၀၂၃ခုနှစ်တွင် ဖြစ်ပျက်ခဲ့သည့် ပဲခူးရေကြီးမှု ဖြစ်စဉ်သည် ထင်ရှားသည်။
မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝှမ်းသစ်တောပြုန်းတီမှုအများဆုံးနိုင်ငံများစာရင်း၌ အဆင့် ၇ နေရာတွင်ရှိကြောင်း ကမ္ဘာ့သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်းအစီရင်ခံစာ(Global Forest Resources Assessment-2020 (GFRA 2020) တွင်ဖော်ပြထားသည်။





More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ