ဇန်နဝါရီ ၁၂၊ VOR
တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် MNDAA ၊ TNLA ၊ AA နှင့် စစ်ကောင်စီသည် တရုတ်နိုင်ငံကူမင်းမြို့တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက်မှ ချက်ချင်းအပစ်အခတ်ရပ်စဲရေး ၊ စစ်ရေးတပ်ဖွဲ့ဝင်အချင်းချင်းကြားထိတွေ့မှု မရှိစေရေး ၊ အငြင်းပွားမှုများနှင့် လိုလားချက်များကို ငြိမ်းချမ်းသည့် တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် ဖြေရှင်းရေး စသည့်အချက်များအပေါ် သဘောတူညီမှုများရရှိခဲ့ကြသည်ဟု MNDAA က ယနေ့ည ၇နာရီအချိန်တွင် သတင်းထုတ်ပြန်လိုက်သည်။
ထို့အတူ တရုတ်နိုင်ငံ၏ မြန်မာပြည်ရှိ ရင်းနှီးမြှုပ်နှံမှု နှင့် တရုတ်နိုင်ငံသားများ၏အသက်အန္တရာယ်များအကာအကွယ်ပေးရန်ကတိကဝတ်ပြုခဲ့သည်ဟု ဆိုသည်။
အပစ်အခတ်ရပ်စဲပြီးနောက် နှစ်ဦးနှစ်ဖက်မှ အခြေအနေလိုအပ်ချက်အရ ဆွေးနွေးပွဲများဆက်လက်ကျင်းပပြီး အခြားကိစ္စများထပ်မံညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့တို့ ပထမအကြိမ်ဆွေးနွေးပွဲ စတင် ပြုလုပ်ခဲ့ရာ ၁၀၂၇စစ်ဆင်ရေး၏ ကတိကဝတ်များအတိုင်း အာဏာရှင်ကို အမြစ်ပြတ်သည်အထိတွန်းလှန်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ပြည်သူများကို ထုတ်ပြန်ခဲ့သည်။
၂၀၂၄ခုနှစ်နှစ်သစ်ကူးမိန့်ခွန်းများနှင့် ယနေ့ကျရောက်သည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင်လည်း မြန်မာပြည်သူနှင့်အတူ တစ်သားတည်းရပ်တည်မည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။


More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်