ဇန်နဝါရီ ၁၁၊ VOR
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်တွင် ကျေးရွာတွင်းပြည်သူပိုင်ပစ္စည်းများ အဓမ္မယူဆောင်ထွက်ခွာလာသောစစ်ကြောင်းကို တိုက်ခိုက်ရာ တပ်ရင်းမှူး အောင်ဇော်လင်း အပါအဝင် ၄ဦးကျဆုံးခဲ့ပြီး ၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကျောင်းသားလက်ရုံးတပ်တော်က သတင်းထုတ်ပြန်သည်။
ဘုတလင်မြို့နယ်၊ ယုန်လှေးကုန်းကျေးရွာသို့ စီးနင်းဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများအား အဓမ္မယူဆောင်၍ ဘုတလင်မြို့သို့ ပြန်လည်ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းအား ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ မုံရွာခရိုင် တပ်ရင်း-၂၄၊ မြို့နယ်ပကဖ တို့ ပူးပေါင်း၍ သီးပင်အိုင်ကျေးရွာ အနောက်ဘက်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော်နှင့်ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ၊ ၇ ရက်နေ့ နံနက် ၉:၀၂အချိန်အရောက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၂၈မိနစ်ကြာမြင့်ခဲ့သည်ဟုသိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိ တပ်ရင်းမှူး အောင်ဇော်လင်း အပါအဝင် အခြား အဆင့် ၄ဦးကျဆုံးခဲ့ပြီး ၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကျောင်းသားလက်ရုံးတပ်တော်နှင့်ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ ပြီး အဆင့်ဆင့်ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
ကျောင်းသားလက်ရုံးတပ်တော်(SAF)သည် “လူထုလွတ်မြောက်ရေးနှင့်နိုင်ငံတော်သစ်ဆီသို့” ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်