ဇန်နဝါရီ ၃၁၊ VOR
ပဲခူးတိုင်း ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကဲလင်းဆိပ်ကျေးရွာတွင် ၀င်ရောက်နေရာယူထားသော စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပု၀ါနီပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၉ ဦးသေဆုံးပြီး ဒုတပ်ရင်းမှူးအပါအ၀င် အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ပုဝါနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ကဲလင်းဆိပ်ကျေးရွာတွင် ၀င်ရောက်နေရာယူထားသော စစ်တပ်စစ်ကြောင်းသည် ဇန်နဝါရီ ၂၉ရက် နံနက် ၁၀ နာရီခန့်အချိန်တွင် ကဲလင်းဆိပ်ကျေးရွာမြောက်ဘက်မှ သင့်နံသာကျေးရွာဘက်သို့စစ်တောင်းမြစ်ကမ်းပါးဘေးအတိုင်း အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ တော်လှန်ရေးအင်အားစုများနှင့် ၂ နာရီခန့်ကြာအောင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
အဆိုပါ တိုက်ပွဲတွင်စကစဘက်မှ ၉ ဦးသေဆုံးပြီး ဒုရင်းမှူးအပါအ၀င် အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇန်နဝါရီ ၂၉ရက် နံနက် ၈ နာရီခန့်အချိန်တွင် ကဲလင်းဆိပ်ကျေးရွာအတွင်း ၀င်ရောက်နေရာယူထားသော စစ်တပ် စစ်ကြောင်းသည် ကဲလင်းဆိပ်ကျေးရွာရှိ နေအိမ် ၁၀ လုံးအား မီးရှို့ဖျက်စီးခဲ့ပြီးကျေးရွာအတွင်း ပြည်သူပိုင်ပစ္စည်းများအား ၎င်းတို့ကြိုက်နှစ်သက်ရာ မွှေနှောက်ယူဆောင်သွားခဲ့ပြီး အင်အား၈၀ခန့်ရှိစစ်ကြောင်းမှာ သင့်နံသာကျေးရွာဘက်သို့ ထပ်မံစစ်ကြောင်းထိုးလာခဲ့သည်ဟုသိရသည်။
ကဲလင်းဆိပ်ကျေးရွာ အနောက်ဘက်တွင်ယမန်နေ့ နံနက် ၁၀:၄၆ မိနစ်အချိန်၌ တော်လှန်ရေးအင်အားစုဘက်မှ Sniper ၊ 40mm တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁ ဦးသေပြီး ဒဏ်ရာတစ်ချို့ရရှိခဲ့သော်လည်း ၎င်းစစ်ကြောင်းမှာ နောက်ဆုတ်သွားခြင်းမရှိဘဲ ထပ်မံရှေ့တိုးလာခဲ့သောကြောင့် ၁၁နာရီ၀န်းကျင်ခန့်တွင် အသင့်နေရာယူတပ်ဖြန့်ထားသော တော်လှန်ရေးအင်အားစုများနှင့် ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။
၎င်းတိုက်ပွဲသည် အချိန် ၂နာရီ၀န်းကျင်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦးသေးဆုံး၍ ဒုရင်းမှူး အပါအ၀င် အများအပြားဒဏ်ရာရရှိခဲ့ပြီး အဆိုပါစစ်ကြောင်းသည် ကဲလင်းဆိပ်ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။
၎င်းတိုက်ပွဲကို ပုဝါနီစစ်ကြောင်းနှင့်နေပြည်တော်PDFတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကာ ကီးကူစစ်ကြောင်းမှ စစ်ကူအနေဖြင့်ထပ်မံပါ၀င်အားဖြည့်ခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်မှ အထိခိုက်မရှိအောင်မြင်စွာ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်