မွန်ပြည်နယ်တွင်းက ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၁ ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Saw Dragon Force – SDDF တပ်ဖွဲ့ထံမှ သိရပါတယ်။ ဇန်နဝါရီ ၃၀ ရက်နေ့က အဆိုပါတိုက်ခိုက်မှုဟာ ပစ်မှတ်ကိုထိရောက်ခဲ့ပြီး ရန်သူတွေ ထိခိုက်သေဆုံးမှုရှိကြောင်းကိုလည်း သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။ အရေအတွက်ကိုတော့ ဖော်ပြမထားပါဘူး။ တော်လှန်တပ်တွေက ဒရုန်းဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်မှုကို စစ်ကောင်စီကလည်း ၆၀ မမ လက်နက်က်ကြီး ၈ လုံးနဲ့ ရမ်းသမ်းပစ်ခတ်ခြင်း၊ လက်နက်ငယ်များ ရမ်းပစ်ခြင်းတို့နဲ့ တုံ့ပြန်ခဲ့ကြပါတယ်။ SDDF တပ်ဖွဲ့ဟာ လက်နက်ကြီးကော၊ ဒရုန်းကော၊ မြေပြင်တိုက်ခိုက်ရေးပါ ဘက်စုံတိုက်နိုင်ဖို့ ကြိုးစားနေပြီဖြစ်လို့ ပံ့ပိုးပေးကြဖို့လည်း တော်လှန်ပြည်သူများကို နှိုးဆော်လျက်ရှိနေပါတယ်။ ဇန်နဝါရီ ၃၀ က တိုက်ခိုက်မှုမှာ SAW DRAGON DRONE FORCE အဖွဲ့နှင့်အတူ ရေးဘီလူးတပ်ရင်း တပ်ခွဲ ၁ တို့ကလည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါသည်။ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ရေပူရွာမှာလည်း စစ်ကောင်စီလက်အောက်ခံ PNA များနဲ့ တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဆိုပါတိုက်ပွဲကတော့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၆ နာရီ ၂၁ မိနစ်အချိန်က ဖြစ်ပါတယ်။ ရန်သူအင်အား ၁၀၀ ခန့် စစ်ကြောင်းထိုးလာမှုကို တော်လှန်ရေးဘက်ကခုခံတိုက်ခိုက်ကြတာ ဖြစ်ပြီး ရန်သူစစ်ကောင်စီဘက်မှ ၄ ဦးသေ၊ ၈ ဦးဒဏ်ရာရကြောင်း သတင်းထုတ်ပြန်ထားတာတွေ့ရသည်။
ဒီနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာကျရောက်တဲ့ ၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာတော့ စစ်ကောင်စီအုပ်စုရဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုရှိခဲ့ပါတယ်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၇ နယ်မြေရှိ ကလို့ယော်လေး ကွင်းပြင်အနီးကို မနက် ၇နာရီခွဲကျော်အချိန်မှာ ကာမီကာဇီ အသေခံဒရုန်း ၂လုံးကျရောက်ခဲ့တာဖြစ်ပြီး အရပ်သားတဦးသာ ထိခိုက်ဒဏ်ရာရလိုက်ပါတယ်။ တိုက်ခိုက်ခံရတဲ့နေရာဟာ ၂၀၁၉ ခုနှစ်တုန်းက နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပခဲ့သောနေရာဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ကရင့်တော်လှန်ရေးနေ့အခမ်းအနားကိုတော့ စစ်ကောင်စီထံမှ ပြန်လည်သိမ်းပိုက်ထားနိုင်တဲ့ မာနယ်ပလောနယ်မြေတွင် ကျင်းပနေခြင်း ဖြစ်ပါတယ်။ ရန်သူဘက်က ဒရုန်းတိုက်ခိုက်မှုမှာ လူတဦးခြေထောက်မှာဒဏ်ရာရသွားပြီး အဆောက်အဉီတခု နှင့်ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာလည်း ဇန်နဝါရီ ၂၉ ရက်နေ့က တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ မနက် ၉ နာရီ ၄၅ မိနစ်မှာ အရာတော်မြို့နယ် ငွေတွင်းပျူစခန်းမှ ကားတွေဆိုင်ကယ်တွေနဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်များ ၊ကြိုပြီးကင်းပုန်းဝပ်နေတဲ့ ရန်သူတပ်များကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲအကြောင်းကို မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်း – ရောင်နီတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးရဲ့ပြောဆိုချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာဟာ အရာတော်နှင့်ငွေတွင်း၊ ညောင်ဒူးလေးအနားတဝိုက်မှာဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးသွားတာကို နောက်ဆုံးအတည်ပြုသတင်းအနေနဲ့ ထုတ်ပြန်ထားပါတယ်။ ပူးပေါင်းတပ်တွေကတော့ မုံရွာခရိုင်ဗျုဟာ ၆၆ စစ်ကြောင်း၊ မုံရွာခရိုင်တပ်ရင်း အမှတ် ၁၉ ၊ တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၆ ၊ အရာတော်မြို့နယ်ပကဖတို့နှင့်အတူ အခြားမဟာမိတ်အဖွဲ့များပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရှိရသည်။
တနင်္သာရီတိုင်းဘက်မှာတော့ ထားဝယ်မြို့နယ်က ရှင်မုတ္ထီးရွာ၊ ရွှေဂူဂိတ်စခန်းနဲ့ နောက်ထပ်စခန်းကုန်းတခုကိုတိုက်ခိုက်အောင်မြင်ခဲ့တဲ့ မှတ်တမ်းရုပ်သံတွေ ထွက်ရှိလာတာတွေ့ရပါတယ်။ မနေ့က ဇန်နဝါရီ ၃၀ မှာ အဆိုပါတိုက်ပွဲအောင်မြင်မှုနှင့်အတူ စစ်သုံ့ပန်းဖမ်းဆီးနိုင်မှု၊ လက်နက်များသိမ်းဆည်းရရှိမှုတို့ကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ မနေ့က မွန်းလွဲပိုင်းမှာဖြစ်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲဟာ ၅ နာရီထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ ၅ ဦးသေ၊ ၄ ဦးဖမ်းမိဆိုတဲ့ သတင်းထွက်ပေါ်ထားပြီးလည်း ဖြစ်ပါတယ်။ အရှင်ဖမ်းထားတဲ့ စစ်သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့လည်း ဒေါင်းညီနောင်စစ်ကြောင်းမှ အသိပေးပါတယ်။ လက်နက်ခဲယမ်းအမြဲလိုအပ်နေတဲ့ တော်လှန်တပ်များအတွက်တော့ သိမ်းဆည်းရမိတဲ့ ရန်သူရဲ့ လက်နက်တွေက တန်ဖိုးကြီးခဲ့တယ်လို့ ဆိုရမှာပါ။ ငါးကြင်းမြီး(၁)လက်၊ MA-4(၁)လက်၊MA-3(၃)လက်၊MA-2(၁)လက်၊MA-1(၄)လက်၊ ၆၀(ကွန်မန်ဒို)စိန်ပြောင်း(၁)လက်၊ ၁၄နင်းမိုင်း(၄)လုံး၊ လိပ်ခုံးမိုင်း(၅)လုံး၊ လက်ကိုင်ဖုန်း(၈)လုံးနဲ့ စစ်အသုံးအဆောင်ပစ္စည်း အများပြား ဖြစ်ကြပါတယ်။ ရွှေဂူဂိတ်ကိုအခုလို အောင်မြင်စွာသိမ်းပိုက် မီးရှို့လိုက်ပြီးနောက်မှာ စစ်ကောင်စီဘက်က အင်အား ရာချီသုံးစွဲပြီး ပြန်လည်အင်အားဖြည့်နေကြောင်းလည်း ဒေသခံများထံမှသိရပါသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ