ချင်းပြည်နယ်တွင်းမှာ ဒေသတော်လှန်ရေးတပ်ဖွဲ့များ များစွာဖွဲ့စည်းထားပြီး ချင်းပြည်ကောင်စီ (Chinland Council) နဲ့ ချင်းညီနောင် (Chin Brotherhood) ဆိုပြီး အဓိကအင်အားစုကြီးနှစ်ခုရှိနေပါတယ်။ ကွဲနေကြတဲ့ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ် သြဂုတ်လမှာတော့ အိန္ဒိယနိုင်ငံထဲမှာ တွေ့ဆုံဆွေးနွေးပြီး ပြဿနာတွေကို လက်နက်နဲ့မဖြေရှင်းတော့ဘူးလို့ သဘောတူလက်မှတ်ရေးထိုးထားကြဖူးပါတယ်။ အခုတော့ စစ်ကောင်စီတွေကို အပြီးတိုင်မောင်းထုတ်ပြီး တီးတိန်မြို့ကိုသိမ်းယူဖို့ အရေးမှာတော့ နှစ်ဖက်အုပ်စုတွေဟာ ပြန်လည်အငြင်းပွား သဘောထားတင်းမာနေကြပါတယ်။ PDA – Tedim တပ်ဖွဲ့ဟာ ချင်းလန်းကောင်စီအဖွဲ့မှာပါဝင်ပြီး မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာတော့ တီးတိန်မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်တော့မည်ဖြစ်ကြောင်းနှင့် မည်သည့်အဖွဲ့အစည်းမှ မကန့်ကွက်ဖို့ ကိုယ့်မြို့ကိုယ်သိမ်းဖို့ မည်သည့်တော်လှန်ရေးအဖွဲ့မဆို လာပူးပေါင်းဖို့ ကြေငြာချက်ထုတ်လိုက်ကြပါတယ်။ ကျွန်ုပ်တို့ ဇူမီးချင်းများ၏ အခြေပြုနေထိုင်ရာ တီးတိန်နှင့် ခိုင်ကမ်းမှာ စစ်ကောင်စီတွေ ရှိသေးတာဖြစ်လို့ အလျင်အမြန်သိမ်းယူရေးအတွက် ခုလို ဖိတ်ခေါ်တဲ့အကြောင်း ရေးသားခဲ့တာတွေ့ရပါတယ်။ အဆိုပါကြေငြာချက် ထွက်ပေါ်ပြီးနောက်မှာတော့ တဖက်အုပ်စုကြီးဖြစ်တဲ့ ချင်းညီနောင်အုပ်စုမှာပါဝင်တဲ့ CDF ဇိုလန်းကလည်း တုံ့ပြန်သော ထုတ်ပြန်ချက်တစောင် ထပ်မံထုတ်ပြန်လိုက်ပါတယ်။ CDF ဇိုလန်းရဲ့ ထုတ်ပြန်ချက်ကတော့ ချင်းညီနောင်အုပ်စု (CB) သည် ဇူမီးလူမျိုးများရဲ့ မြို့တော်ဖြစ်သည့် တီးတိန်မှ စစ်ကောင်စီကိုမောင်းထုတ်ဖို့ စီစဉ်ထားပြီးသားဖြစ်သည်။ သို့ရာတွင် တဖက်အုပ်စုမှ CNA မှ PDA တပ်ဖွဲ့ကိုအသုံးချကာ တီးတိန်အားစွက်ဖက်သိမ်းပိုက်ရန် ကြိုးပမ်းနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ အခုလို CNF/CNA နှင့် အပေါင်းအပါများရဲ့ လုပ်ဆောင်ချက်ဟာ ပြည်သူ့အကျိုးမပါဘဲ အမြတ်ထုတ်လိုမှုနှင့် လက်ဦးမှုရယူခြင်းဖြစ်ကြောင်း ထင်ရှားသည်ဟု ဆိုထားပါတယ်။ PDF ဇိုလန်းအနေနဲ့ တီးတိန်မြေအား မည်သည့်အဖွဲ့အစည်းကိုမှ ပေးအပ်မည်မဟုတ်ဘဲ အခုလိုတားမြစ်သည့်ကြား ကျူးကျော်ဝင်ရောက်လာပါက ပြတ်ပြတ်သားသား တိုက်ခိုက်မယ်လို့ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား သဘောထား တင်းမာနေကြပါတယ်။ “ဒါဟာ ချင်းပြည်က အဓိကအင်အားစုနှစ်ခုကြား သဘောထားတင်းမာနေတာကိုပြသလိုက်တာဖြစ်ကြောင်း၊ ရှေ့နှစ်ကဆွေးနွေးခဲ့ကြဖူးပေမယ့် ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်ကြား သဘောထားတင်းမာလျက်ရှိဆဲဆိုတာကို ပြသနေတာလို့ ” လို့ ချင်းပြည်နိုင်ငံရေးကို စောင့်ကြည့်နေသူတဦးက ဆိုပါတယ်။ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ဟာ ၂၀၂၄ ခုနှစ်၊ ဇွန်လလယ်ပိုင်းက မတူပီမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး အဖွဲ့နှစ်ခုကြား ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကာ ဒုဗိုလ်မှူးကြီးအဆင့်အပါအဝင် နှစ်ဘက် ကျဆုံးမှုတွေရှိခဲ့ဖူးပါတယ်။ ချင်းညီနောင်အဖွဲ့က ၂၀၂၄ ခုနှစ် မေ ၂၆ ရက်နေ့က တီးတိန်မြို့သိမ်းတိုက်ပွဲကိုဖော်ဆောင်ခဲ့ဖူးပြီး စစ်ကောင်စီအဖွဲ့ဝင်တွေကို ချေမှုန်းနိုင်ခဲ့ပေမယ့် မြို့ကို သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပါဘူး။ အဆိုပါ မြို့သိမ်းတိုက်ပွဲအတွင်း တီးတိမ်မြို့က နေအိမ် အလုံး ၇၀ ကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ချင်းပြည်နယ်မှာ ချင်းပြည်ကောင်စီအုပ်စုက တွန်းဇံ၊ ရိခေါ်ဒါ ၊ လိုင်လင်းပီ နဲ့ ရေဇွာမြို့တွေကို သိမ်းပိုက်ထားပါတယ်။ ချင်းညီနောင်အဖွဲ့များအုပ်စုကတော့ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးမြို့ တွေကို သိမ်းပိုက်ထားပါတယ်။ လက်ရှိအချိန်မှာ ချင်းပြည်ကောင်စီတပ်ဖွဲ့များက ထန်တလန်ကိုမြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပြီး ချင်းညီနောင်ကလည်း ဖလမ်းမြို့ကို မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေပါတယ်။ ခုလို တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား ရန်စောင်နေမှုကို တော်လှန်ပြည်သူများက စိတ်ပျက်လက်ပျက်ဖြစ်နေကြောင်း သိရှိရသည်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ