Categories

January 2025
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
March 15, 2026

ဗုံးကြဲတိုက်လေယာဉ်မရှိတဲ့ တော်လှန်ရေးဟာ ရှော့တိုက်ဒုံးသုံးပြီး ထိပ်တန်းပစ်မှတ်များကို တိုက်ခိုက်အောင်မြင်လျက်ရှိ

အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုခေါင်းဆောင်ဖြစ်သူ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုပစ်မှတ်ထားပြီး တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးများနဲ့ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၇ နာရီခန့်မှာ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ကရင်နီ(ကယားပြည်နယ်)နေ့ ၇၃ နှစ်မြောက်အခမ်းအနားကိုတက်ရောက်ဖို့ စစ်ခေါင်းဆောင်စိုးဝင်း ရောက်ရှိလာပြီး သူရောက်ရှိနေစဉ်မှာပဲ ပြည်နယ်ခန်းမနဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ-လွိုင်ကော်) နေရာတွေကို Brave Warriors for Myanmar (BWM) အဖွဲ့က တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုဟာ ပြည်နယ်ခန်းမအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံး၊ ဒကစ-လွိုင်ကော်ကို ရှော့တိုက်ဒုံး နှစ်လုံး စုစုပေါင်း ခုနစ်လုံးဖြစ်ပြီး ခြောက်လုံးက ပစ်ခတ်မှု အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျရောက်မဲ့ ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို ဒုစစ်ခေါင်းဆောင် တက်ရောက်ဖို့အတွက် လွိုင်ကော်မြို့ကို ရောက်ရှိနေကြောင်း သတင်းကြိုရခဲ့ကြတာ ဖြစ်ပါတယ်။ ဒုခေါင်းဆောင်စိုးဝင်းအနေနဲ့ ဘယ်နေရာသွားသွား အသက်အန္တရာယ်စိုးရိမ်ရတဲ့ ခံစားမှုမျိုး ပေးရစေချင်တာဖြစ်ကြောင်း မစ်ရှင်ကိုဖော်ဆောင်ခဲ့တဲ့ BWM က ဆိုပါတယ်။ “ပြည်သူ့အပေါ်ယုတ်မာတဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေအားလုံး စိုးဝင်းလိုခေါင်းဆောင်မျိုးတောင် အမြဲမလုံခြုံတော့ဘူးဆိုတာ အသိပေးလိုပါတယ်” လို့ Brave Warriors for Myanmar (BWM) အဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုထားပါတယ်။ တိုက်ခိုက်မှုကြောင့် ဇန်ဝါရီလ ၁၄ ရက်နေ့ ညပိုင်းမှာ ပေါက်ကွဲသံအကျယ်ကြီးတွေ ကြားခဲ့ရကြောင်း ဒေသခံတွေက အတည်ပြုကြပါတယ်။ ဒီမစ်ရှင်ကိုခက်ခဲစွာဖော်ဆောင်ခဲ့ရတာဖြစ်ကြောင်း၊ ရဲဘော်များဟာ ပစ်ခတ်ပြီးနောက်မှာ အချိန်ယူပြီး ခက်ခဲစွာပြန်လည်ဆုတ်ခွါခဲ့ရာမှာ ခုဆိုရင် ဘေးကင်းလုံခြုံရာကို ရောက်ရှိခဲ့ကြပြီဖြစ်ကြောင်း သိရပါတယ်။ Brave Warriors for Myanmar အဖွဲ့ဟာ ရန်ကုန်တိုင်း မှော်ဘီလေတပ်စခန်း ၊ ပဲခူးတိုင်း ၊တောင်ငူလေတပ်စခန်း၊ တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် စတဲ့ ထိပ်တန်းပစ်မှတ်တွေကိုတွေကို ရှော့တိုက်ဒုံးနဲ့ အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက်ထားပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်နေ့ကလည်း ဒုစစ်ခေါင်းဆောင် စိုးဝင်း မွန်ပြည်နယ် မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ကို ရောက်နေချိန် ခုလိုပဲ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ထိုစဉ်ကတော့ ဒုခေါင်းဆောင်ဒဏ်ရာရသွားကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာခဲ့ပြီး အကြမ်းဖက်ဒုခေါင်းဆောင်လည်း လူမြင်ကွင်းကနေ တလနီးပါး ပျောက်ကွယ်သွားဖူးပါတယ်။ တိုက်ခိုက်မှုသတင်းအသေးစိတ်ကို ဖော်ပြနေတဲ့ BWM အဖွဲ့ရဲ့သတင်းစာမျက်နှာဟာလည်း နှောင့်ယှက်ခံရမှုကြောင့် သတင်းပို့စ်တွေ တခုပြီးတခု ဖြုတ်ခံနေရပါတယ်။ နောက်ဆုံးမစ်ရှင်ကြေငြာချက်ဟာလည်း ဖြုတ်ခံထားရပြီး ဘာမှဆက်တင်လို့မရသေးကြောင်း အသိပေးထားပါတယ်။ လူမှုကွန်ရက်ပေါ်မှာ သတင်းတင်ခွင့်မရသေးပေမယ့် BWM သည် စစ်ကိုင်းတိုင်း၊မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို မနေ့ညမှာပဲ ရှော့တိုက်ဒုံး လေးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း ဇန်နဝါရီလ ၁၅ ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။ နမခဌာနချုပ်ကို တိုက်ခိုက်ခဲ့တာကတော့ ဇန်နဝါရီလ ၁၄ရက် ည၉နာရီ ၄၅မိနစ်အချိန်တွင် ဖြစ်ပါတယ်။ ၁၀၇မမ လေးလုံးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုများကြောင့် နမခဒုတိုင်းမှူးအဆောင်ထိမှန်၍ ပြိုကျပျက်စီးသွားကြောင်း ဆိုထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးကောင်းထက်ဇော်နှင့်တပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး တပ်ကြပ်ကြီးတဦးအပါအဝင်သုံးဦး ဒဏ်ရာရသွားကြောင်းလည်း BWM အဖွဲ့ တာဝန်ရှိသူက သတင်းထုတ်ပြန်ပါတယ်။ ထိခိုက်သေဆုံးမှုသတင်းရဲ့ ရင်းမြစ်တွေကတော့ တိကျသေချာတဲ့ ဖရဲသီးဆီကနဲ့ မြေပြင်သတင်းအရင်းမြစ်လို့ ပြောပါတယ်။ မုံရွာ နမခ ပစ်ခတ်ခံရမှုနဲ့ပက်သက်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးကလည်း ဇန်နဝါရီလ ၁၄ ရက် ညတွင် နမခအတွင်း ပေါက်ကွဲသံများကြားရပြီး ည၁၀ နာရီ ၃၄ မိနစ်မှစ၍ နမခထဲမှ ပြန်လည်ပစ်ခတ်သံများကြားရကြောင်း ထုတ်ပြန်ထားပါတယ်။ BWM ဟာ အခုလိုပဲ ထိပ်တန်းစစ်ရေးပစ်မှတ်တွေကို ရှော့တိုက်ဒုံးသုံး တိုက်ခိုက်နေပြီး နမခကို တိုက်ခိုက်မှုမှာတော့ BWM အဖွဲ့နှင့်အတူ Shawdow(မုံရွာ) ၊ Anonymous Heroes ၊ ChinDwin Fighter ၊ ဒေါင်းမျိုးဆက် ဗိုလ်မုတ်ဆိတ် ၊ Democratic Rangers တို့ ပါဝင်ကြောင်းသိရပါသည်။

You may have missed